ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသူ ၂ ဦး ထပ်မံတရားစွဲခံရ

ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသူ ၂ ဦး ထပ်မံတရားစွဲခံရ
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြသူများ (ဓာတ်ပုံ - ခွန်းအသန်း)

ရန်ကုန်၊ ဇူလိုင် ၂၀ ။          ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စိုက်ထူရန် ပြည်နယ်အစိုးရမှစီစဉ်နေသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သည့်အနေဖြင့် ကရင်နီသမိုင်းစာရွက် ဖြန့်ဝေသူ ၂ ဦးကိုအာဏာပိုင်များမှ ထပ်မံတရားစွဲ ခဲ့ကြောင်းသိရသည်။

ကရင်နီလူငယ်များဖြစ်သည့် ကိုဆားအီနှင့် ခွန်းဂျွန်သန်းစိုးနိုင်တို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ဒီမော့ဆိုက ဆင့်ခေါ်စာကတော့ ခွန်းဂျွန်သန်းစိုးနိုင်ကလက်မှတ်ထိုးထားတယ်။ဆားအီကတော့ တရားဝင်ဆင့်ခေါ်စာ မရရှိသေးဘူးလို့ပြောတယ် “ ဟု ဗိုလ်ချုပ်ကြေးရုပ်ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကပြောသည်။

ကယားတွင် ကရင်နီသမိုင်းစာရွက်များအား ဖြန့်ဝေခဲ့သည့်အတွက် လက်ရှိတရားရင်ဆိုင်နေရသူ ၁၁ ဦးထိရှိနေပြီး ကိုဆားအီနှင့် ခွန်းဂျွန်သန်းစိုးနိုင်တို့ ပါဝင်ပါက (၁၃) ဦးအထိ ရှိလာပြီဖြစ်သည်။

ခွန်းဂျွန်သန်းစိုးနိုင်အား ဒီးမော့ဆိုမြို့နယ်တွင် တရားစွဲဆိုထားပြီး ကိုဆားအီအား ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ မြို့နယ် (၂) ခုတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးကိုရပ်ဆိုင်းပေးရန် ဇူလိုင်လ ၃ ရက်နေ့၌လည်း လူရာကျော် ဆန္ဒပြခဲ့ကြသေးသည်။

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန္ဒပြသူများနှင့် ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသောကြောင့် ငြိမ်း၊စု၊စီပုဒ်မ ၁၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲခံထားရသူ စုစုပေါင်းမှာ ၂၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကရင်နီလူငယ်မျိုးဆက်သစ်အဖွဲ့(KNGY) ကထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly