မစ်ဆိုရီပြည်နယ် ကန်တစ်ခုမှာ ခရီးသွားရေယာဉ် နစ်မြုပ်၊ လူ ၁၁ ဦး သေဆုံး

မစ်ဆိုရီပြည်နယ် ကန်တစ်ခုမှာ ခရီးသွားရေယာဉ် နစ်မြုပ်၊ လူ ၁၁ ဦး သေဆုံး

ဇူလိုင် ၂၀ ။             ။ အမေရိကန်ပြည်ထောင်စု မစ်ဆိုရီပြည်နယ်ရှိ ရေကန်တစ်ခုမှာ ဇူလိုင် ၁၉ ရက်က ခရီးသွားတွေ လိုက်ပါလာတဲ့ ရေယာဉ်တစ်စင်း မုန်တိုင်းမိပြီး တိမ်းမှောက်နစ်မြုပ်သွားခဲ့လို့  လူ ၁၁ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ခရီးသွားရေယာဉ်ဟာ Table Rock ကန်အတွင်း ခုတ်မောင်းလာရင်း မိုးသက်လေပြင်းမိပြီး တိမ်းမှောက်သွားခဲ့တာဖြစ်ကြောင်း၊ လူ ခုနစ်ဦးကို ဆေးရုံတင်ထားရကြောင်းနဲ့ ပျောက်ဆုံးနေသူ ငါးဦးထက်မနည်း ရှိနေကြောင်း Stone ကောင်တီအရာရှိ Doug Rader က သတင်းထောက်တွေကို ပြောပါတယ်။

ယခု ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ ရေယာဉ်တိမ်းမှောင်နစ်မြုပ်ပြီးနောက် ရေငုပ်သမားတွေ အားချင်း သွားရောက်ကူညီရှာဖွေခဲ့ပြီး ယမန်နေ့ည ၁၁ နာရီခန့်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားခဲ့က ယနေ့ မနက်ခင်းမှာလည်း ပြန်လည်စတင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ တိမ်းမှောက်ရေယာဉ်မှာ ခရီးသည် ၃၁ ဦးထိ လိုက်ပါလာခဲ့ကြောင်း Rader က ပြောသွားပါတယ်။

ယင်းရေကန်ကတော့ ပြည်နယ် တောင်ပိုင်းမှာ ခရီးသွားမကြာခဏ လာရောက်လေ့ရှိတဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly