TNLA စစ်သမီး (၆) ဦးကို သတ်ဖြတ်ခြင်းမရှိဟု တပ်မတော် ထုတ်ပြန်

TNLA စစ်သမီး (၆) ဦးကို သတ်ဖြတ်ခြင်းမရှိဟု တပ်မတော် ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၀ ။               ။ နမ့်ခမ်းမြို့နယ်၊ အွယ်လောကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တပ်မတော်မှ ပလောင်လွတ်မြောက်ရေးတပ်ဦး (TNLA)  စစ်သမီး (၆) ဦးကိုသတ်ဖြတ်ခဲ့သည်ဟု သတင်းမှာ မဟုတ်မှန်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ ထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ တပ်မ (၈၈) ခမရ-၃၀၁ တပ်ဖွဲ့သည် တိုက်ပွဲအတွင်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည့် TNLA ဆေးမှူး ရဲမေ (၆) ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဇူလှိုင် ၁၆ ရက်တွင် ပလောင်လွတ်မြောက်ရေး တပ်ဦး ( TNLA) မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

တပ်မတော်မှ ဖြစ်စဉ်နေရာအား အသေးစိတ်ရှင်းလင်းရာ သေဆုံးနေသည့် TNLA  တပ်ဖွဲ့ဝင် အမျိုးသား အလောင်း ၃ လောင်းနှင့် အမျိုးသမီးအလောင်း ၅ လောင်းကိုသာ တွေ့ရှိခဲ့ကြောင်းလည်း တပ်မတော်မှ ဇူလိုင် ၁၉ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သို့သော် တအာင်းတပ် (TNLA) ၏ ဆေးမှူး (၆) ဦးတို့သည် သေနတ်ဒဏ်ရာဖြင့် နှစ်ဦးသာ ဦးခေါင်းနှင့် ခြေထောက်ပိုင်းတွင် တွေ့မြင်ရပြီး၊ ကျန်သူများမှာ ဓါးဒါဏ်ရာနှင့် ရိုက်နှက်ထားခံရသည့် ညိုမဲ ဒါဏ်ရာများ တွေ့ရှိရသည်ဟုလည်း TNLA ဘက်မှ ပြောဆိုထားသည်။

ဇူလိုင် ၁၁ ရက်နေ့ နမ့်ခမ်းမြို့နယ်တိုက်ပွဲ၌ အမ်-၂၂ အမျိုးအစား သေနတ် ၂ လက်၊ အမ်-၂၁ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့် ၈ စုံနှင့် တရုတ်လက်ပစ်ဗုံး ၃ လုံးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ရုပ်အလောင်းများအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်၌ ညနေ ၅ နာရီခန့်တွင် မြေမြှုပ် သြင်္ဂိုလ်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့သည် နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်း အဝေးစတင်ကျင်းပနေသည့်အချိန်လည်းဖြစ်သည်။

ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်သည့် FPNCC ကော်မတီတွင်ပါဝင်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly