ရန်ကုန်၊ ဇူလိုင် ၂၀ ရက်။ ။ အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်တွင် ဒရုန်းတစ်စီးလွှတ်တင်သည်ကို တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့ဝင်များမှ Anti ဒရုန်းဖြင့် ရွှေတိဂုံဘုရားဘက်မှ ပစ်ချခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ရန်ကုန်တိုင်းတိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်ရှိ အာဇာနည် ဗိမာန်တွင် ကျင်းပနေစဉ် သွေးဆေးကန်ဘက်မှ ဒရုန်းတစ်စီးလွှတ်တင်သည်ကို ဇူလိုင် ၁၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဒရုန်းအား မှုခင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ချခဲ့ရာ သူရဲကောင်း စစ်သည်ဗိမာန်အတွင်း ပျက်ကျခဲ့သည်ဟု ဆိုသည်။
စစ်ဆေးချက်များအရ ဒရုန်းမှာ Memory Card မပါဘဲ Rakhine Freedom Journalist စာတန်းပါ P4 အမျိုးအစားဖြစ်သည်ဟု သိရပြီး မှုခင်းရဲတပ်ဖွဲ့မှ သိမ်းဆည်းထားကြောင်း ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက်က ဖော်ပြခဲ့သည့် ပြည်ထဲရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။