၃၂နှစ်အတွင်း တမီးလ်တစ်ဦးက သီရိလင်္ကာ အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်လာ

၃၂နှစ်အတွင်း တမီးလ်တစ်ဦးက သီရိလင်္ကာ အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်လာ

ကိုလံဘို၊ စက်တင်ဘာ ၃ ။        ။ တမီးလ် ဥပဒေပြုအမတ်တစ်ဦးသည် ၃၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၃ရက်နေ့က သီရိလင်္ကာပါလီမန်တွင် အတိုက်အခံခေါင်းဆောင်ဖြစ်လာခဲ့ သည်။

ယင်းသို့ဖြစ်လာမှုက တစ်ချိန်က ခါးသည်းစွာ စိတ်ဝမ်းကွဲခဲ့သော ကျွန်းနိုင်ငံတွင် လူမျိုးစုပြန်လည်ရင်ကြားစေ့ရေးအတွက် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု ဖြစ်လာခဲ့သည်။

ရာဂျာဝရိုသီယမ်ဆမ်ပန်သန်သည် ၁၉၈၃ခုနှစ်နောက်ပိုင်း အတိုက်အခံကို ဦးဆောင်သည့် လူမျိုးစုလူနည်းစုမှ ပထမဆုံးဥပဒေပြုအမတ်ဖြစ်သည်။ ထိုနှစ်က ခွဲထွက်မှုကို အတင်းအကျပ်ရှုတ်ချစေသည့် ဥပဒေတစ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် တမီးလ်အမတ်အားလုံး နုတ်ထွက်ခဲ့ကြသည်။

အသက် ၈၂ နှစ်ရှိပြီဖြစ်သော သဘောထားပျော့ပြောင်းသည့် ရာဂျာဝရိုသီယမ်သည် Tamil National Alliance (TNA) ကိုဦးဆောင်ပြီး TNA မှာ အမတ်နေရာ ၂၂၅ဦးရှိသည့် လွှတ်တော်တွင် ၁၆ နေရာဖြင့် တတိယအကြီးဆုံးအင်အားစုအဖြစ် လွန်ခဲ့သည့်လ ရွေးကောက်ပွဲမှ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဒီနိုင်ငံနဲ့ ဒီနိုင်ငံရဲ့ပြည်သူတွေအပေါ်သစ္စာရှိရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က တမီးလ်ပြသနာအတွက် လက်ခံနိုင်တဲ့အဖြေ တစ်ခုရှိတယ်ဆိုတာသေချာအောင် လုပ်ဖို့ပါ" ဟုဆမ်ပန်သန်က စက်တင်ဘာ၃က လွှတ်တော်သို့ ပြောကြားခဲ့သည်။

ကာလရှည်ခေါင်းဆောင် မဟင်ဒါရာဂျာပက်ဆာကို ဖြုတ်ချရန် ရည်ညွှန်းသည့် ဝန်ကြီးချုပ် ရာနီလ်ဝစ်ကရီမေဆင်ဟေက ဇန်နဝါရီ ၈ တော်လှန်ရေးဟု ခေါ်ဆိုသည့်အရာကို ဆက်လုပ်ရေး လွန်ခဲ့သည့် လက ရွေးကောက်ပွဲများတွင် သီရိလင်္ကာလူများက တခဲနက်မဲပေးခဲ့ကြသည်။

ခွဲထွက်ရေးအတွက် တော်လှန်တိုက်ခိုက်ခဲ့သော တမီးလ်ပျောက်ကျားများအပေါ် အောင်နိုင်ခဲ့သည့်အတွက် သမ္မတဟောင်း ရာဂျာပက်ဆာသည် လူများစု ဆင်ဟာလီတို့၏ ကြီးမားသော ထောက်ခံမှုကို ရရှိခဲ့သည်။ သို့သော်လည်း ပဋိပက္ခအပြီး လူမျိုးစု ရင်ကြားစေ့ရေးကို ဆောင်ရွက်ရန်ပျက်ကွက်မှုအတွက် အပြစ်တင်ခံရသည်။

ဝစ်ကရီမေဆင်ဟေ၏ အစိုးရသစ်သည် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသော သီရိလင်္ကာတွင် ညီညွတ်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ ၎င်း၏ United National Party (UNP ) ပါတီသည် United People's Freedom Alliance (UPFA) နှင့် ညွန့်ပေါင်းဖွဲ့ကာ အုပ်ချုပ်သွားမည်ဖြစ်သည်။ UPFA မှ နောက်ဆုံးရွေးကောက်ပွဲမတိုင်ခင်ကအထိ အတိုက်အခံဖြစ်သည်။

သို့သော်လည်း UPFA ၏ လူသိအများဆုံး အဖွဲ့ဝင် ရာဂျာပက်ဆာ အပေါ်သစ္စာရှိသော ခွဲထွက်အုပ်စုတစ်ခု ရှိသေးသည်။ ၎င်းတို့က အတိုက်အခံအဖြစ်နေရန် ရွေးချယ်ခဲ့သည်။ ယင်းအဖွဲ့က ဆမ်ပန်သန် အား ခန့်အပ်မှုကို ဆန့်ကျင်ခဲ့ကြပြီး အတိုက်အခံကို ၎င်းတို့ဦးဆောင်မည်ဟု စောဒက တက်ခဲ့သည်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ ကာရုဂျာယာဆူရီယာက ပယ်ချခဲ့ပြီး ဝါရင့်တမီးလ်အမတ် ဆမ်ပန် သန်ကိုသာ ရွေးချယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly