ဒလမြို့နယ်တွင် ကလေးစွန့်ပစ်မှုဖြစ်ပွား

ဒလမြို့နယ်တွင် ကလေးစွန့်ပစ်မှုဖြစ်ပွား
ဓာတ်ပုံ-ကိုဂျိမ်း
 

ရန်ကုန်၊ ဇူလိုင်လ ၁၉ ။            ။ ရန်ကုန်မြို့ ဒလမြို့နယ်ရှိ သဘောၤဆိပ်အနီးတွင် အမေဟု ယူဆရသည့် အမျိုးသမီးတစ်ဦးက အသက် ၁ဝ လ အရွယ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦးအား ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် စွန့်ပစ်ခဲ့ကြောင်း ဒလမြို့နယ်ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သက်နိုင်အေးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

ကလေးမိခင်ဟု ယူဆရသည့်အမျိုးသမီးတစ်ဦးက ပန်းဆိုးတန်းဘက်မှ ဒလဘက်သို့ သင်္ဘောစီးကာ ကူးလာပြီး ဒလဘက်ရောက်သည့်အချိန်တွင် ၎င်းဘေးနားတွင် အတူစီးလာသည့် အမျိုးသမီးထံ အလေးသွားချင်သည် ဟုဆိုကာ ကလေးငယ်အား အပ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ကလေးကို ထိန်းပေးပါဦးဆိုပြီး အမျိုးသမီးဆီအပ်ခဲ့လိုက်တယ်။ အပ်ပြီးတော့ သူက အိမ်သာထဲကနေ ဘယ် လိုရှောင်ထွက်သွားလဲမသိဘူး။ စောင့်ရင်းစောင့်ရင်းကနေပြီးတော့မှ ကြာလာတဲ့အခါကျတော့ လိုက်ရှာတာ အမေလို့ယူဆရတဲ့ အမျိုးသမီးက မရှိတော့ဘူး။ အဲ့ဒါကြောင့်မို့လို့ ဟိုအမျိုးသမီးက ကျွန်တော်တို့ ဆီလာ ပြီးတော့ အပ်တာ”ဟု ရဲအုပ် သက်နိုင်အေးက ပြောသည်။

ရဲအုပ် သက်နိုင်အေးက ဆက်ပြီး “ ကလေးက အလွန်ဆုံးရှိမှ လမ်းတောင်မလျှောက်သေးဘူးဆိုတော့ ၁ဝ လ လောက်ပဲ ရှိဦးမယ်။ သွားလေး နှစ်ချောင်းပေါက်နေတယ်”ဟု ပြောသည်။

အဆိုပါ ကလေးငယ်အား ဒလမြို့နယ်ရဲစခန်းမှ ထိန်းသိမ်းပေးထားပြီး လက်ရှိတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ကလေးငယ်အား ပြုစုစောင့်ရှောက်ရန် လွဲအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly