အိမ်နဲ့ အလုပ်အကြား မိုင် (၂၀) ခရီးကို ညလုံးပေါက် လမ်းလျှောက်လာခဲ့တဲ့ လူငယ်ကို ကုမ္ပဏီစီအီးအိုက ကားတစ်စီး ဆုချ

အိမ်နဲ့ အလုပ်အကြား မိုင် (၂၀) ခရီးကို ညလုံးပေါက် လမ်းလျှောက်လာခဲ့တဲ့ လူငယ်ကို ကုမ္ပဏီစီအီးအိုက ကားတစ်စီး ဆုချ

ဇူလိုင် ၁၉ ။           ။ အမေရိကန်နိုင်ငံ Alabama ပြည်နယ် Homewood မြို့က Walter Carr အမည်ရ လူငယ်တစ်ဦးဟာ Bellhops moving company အမည်ရ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီလိုနဲ့ အလုပ်သစ်မှာ မနက်ဖြန် ပထမဆုံး စဆင်းရတော့မှာမို့ ဒီနေ့လို နေ့မျိုးမှာ Carr ဟာ သူ့ အိမ်ကနေ ညကတည်းက ထွက်ဖို့ လုပ်ရင်း  မတော်တဆ သူ့ကားပျက်သွားခဲ့ပါတော့တယ်။

အဲဒီအချိန်မှာပဲ ယင်းလူငယ်အတွက် ကသီလင်တ ဖြစ်ခဲ့ရပြီး အလုပ်ကလည်း နောက်နေ့မနက် အချိန်မှီ ဝင်ရမှာဖြစ်တဲ့အတွက် ညတွင်းချင်းပဲ မိုင် ၂၀ (၃၂ ကီလိုမီတာ) အကွာအဝေးရှိ ခရီးကို လမ်းလျှောက်ပြီးတော့ပဲ သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ကနဦးတော့ Carr ဟာ ကားတစ်စီးစီးနဲ့ လမ်းကြုံလိုက်ဖို့ အကူအညီတောင်းကြည့်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အဲဒီလိုနဲ့ ၎င်းဟာ Alabama ပြည်နယ် Homewood မြို့ကနေ Pelham မြို့ဆီ တစ်ညလုံး မှောင်ကြီးမဲကြီးထဲမှာ လမ်းလျှောက်သွားခဲ့ရပါတယ်။

အဲဒီလိုနဲ့ Homewood ကနေ  ညပိုင်း ၁၁ နာရီ မိနစ် ၄၀ လောက်ကနေစပြီး လမ်းလျှောက်လာခဲ့ရာမှာတော့ သူ့သွားရမယ့် Pelham မြို့ကို နောက်နေ့ မနက်ခင်း ၄ နာရီလောက်မှာ ရောက်လာခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အလုပ်ကို လိုက်ပို့ပေးဖို့ သူကြိုငှားခဲ့တဲ့ အမျိုးသမီးရဲ့ အိမ်လိမ်စာဆီ သူဆက်သွားရဖို့ ရှိနေခဲ့ပါတယ်။

အဲဒီမှာပဲ Carr တစ်ယောက်လမ်းပေါ်မှာ မောလို့ ထိုင်အမောဖြေနေတာကို ဒေသခံ ရဲတွေကင်းလှည့်လာရင်းနဲ့ တွေ့ရှိမေးမြန်းပြီးတော့ သူ့ကို ကူညီလိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ၎င်းကို သူသွားရမယ့် Ms Jenny Lamey ဆိုသူ အမျိုးသမီးနေအိမ်ကို ရဲတွေက လိုက်ပို့ပေးခဲ့ပါတယ်။

Carr တစ်ယောက် ခုလို ခရီးဝေးကို လမ်းလျှောက်လာခဲ့ရတာကို Lamey သိသွားပြီးတော့ အံ့သြသွားခဲ့ပါတယ်။ ယင်းအကြောင်းကိုလည်း Facebook ပေါ် တင်လိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုနဲ့ Bellhops ကုမ္ပဏီရဲ့ စီအီးအို Luke Marklin က Carr အကြောင်းကို Lamey ရဲ့ ဖေ့ဘွတ်ခ် ပို့စ်ကနေတဆင့် သိရှိသွားပြီးနောက် Carr ရဲ့ မဆုတ်မနစ် ဇွဲလုံ့လရှိမှု၊ စိတ် ခံယူချက်တို့ကို အထင်ကြီးသွားပါတော့တယ်။

အဲဒီမှာ စီအီးအို Marklin ဟာ သူ့ဝန်ထမ်းသစ် Carr  ဆီ သူ့ကားနဲ့ လာတွေ့ပါတော့တယ်။

အဲဒီလိုနဲ့ စီအီးအို Marklin က သူ့ပိုင်ဆိုင်ထားတဲ့ 2014 Ford Escape ကားကိုလည်း Carr ကို လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

“ အရိုးသားဆုံး ပြောရရင် သူ့ကြောင့် ကျွန်တော် အတော်လေး အံ့သြခဲ့ရပါတယ်၊ သူလုပ်ခဲ့တာတွေက တကယ့်ကို ခိုင်မာတဲ့ နှလုံးသား၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ဖော်ညွန်းပြသနေပါတယ်” ဆိုပြီး စီအီးအို Marklin က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly