၇၁ နှစ်မြောက် အာဇာနည်နေ့ နေရာအနှံ့အပြားတွင် ကျင်းပ

၇၁ နှစ်မြောက် အာဇာနည်နေ့ နေရာအနှံ့အပြားတွင် ကျင်းပ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဇူလိုင် ၁၉ ။           ။ ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နေပြည်တော်ကောင်စီရုံးရှိ ဇဗ္ဗူသီရိခန်းမဆောင်တွင် ဇူလိုင်လ ၁၉ ရက်၊ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အာဇာနည်ပုဂ္ဂိုလ်ကြီးများအတွက် ရည်စူးကာ ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည်ဗိမ္ဗာန်မှာ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ တို့ တက်ရောက်ဂါရဝပြုပြီး လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။ ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေလည်းတက်ရောက်ပြီး ဂါရဝပြုခဲ့ကြတာကို တွေ့ရပါတယ်။

အာဇာနည်ခေါင်းဆောင် ကြီးများဖြစ်တဲ့ ဦးရာဇတ်နှင့်ရဲဘော်ကိုထွေး တို့၏ အုတ်ဂူတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် မိသားစုဝင်များ၊ပြည်သူများက လာရောက် ဂါရဝပြု နေကြတာကိုလည်း တွေ့မြင်ရပါတယ်။

အာဇာနည်နေ့အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးမှာ နေရာအနံှ့အပြားမှာ ကျင်းပနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ ဝန်ကြီးများရုံး( အတွင်းဝန်ရုံး) နဲ့ နတ်မောက်လမ်း ဗိုလ်ချုပ်နေအိမ်ပြတိုက်တို့ကို အများပြည်သူ ကြည့်ရှုဖို့ ၃ ရက်ကြာ ဖွင့်လှစ်ပြသနေပါတယ်။ အတွင်းဝန်ရုံးကိုတော့ ၂ဝ၁၄ ခုနှစ်ကတည်းက အာဇာနည် နေ့မှာ အများပြည်သူ ဝင်ရောက် လေ့လာနိုင်အောင်ဖွင့်လှစ်ပေးခဲ့တာပါ။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုနေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အများပြည့်လေ့လာနိုင်အောင် ဝင်ရောက်လေ့လာ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အပေါ်ထပ်ကိုတော့ တက်ရောက်ခွင့်မပြုထားပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly