‘ဘာနေဗျူးဆီ ပြောင်းရွှေ့လာတာဟာ အလွန်အိမ်မက်ဆန်ပါတယ်’ ~ ရီးယဲလ်အသင်း နောက်ခံလူသစ် အိုဒရီယိုဇိုလာ

‘ဘာနေဗျူးဆီ ပြောင်းရွှေ့လာတာဟာ အလွန်အိမ်မက်ဆန်ပါတယ်’ ~ ရီးယဲလ်အသင်း နောက်ခံလူသစ် အိုဒရီယိုဇိုလာ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမားသစ်ဖြစ်သူက အိုဒရီယိုဇိုလာက ရီးယဲလ်အသင်းဆီ ရောက်ရှိလာတာဟာ အလွန်အိမ်မက်ဆန်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က စန်တီယာဂိုဘာနေဗျူးကွင်းမှာ ပြုလုပ်တဲ့ ကစားသမားသစ် မိတ်ဆက်တဲ့ အခမ်းအနားပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ရီးယဲလ်ဆိုစီဒက် လူငယ်အကယ်ဒမီမှ အသင်းကြီးသို့ ရောက်ရှိခဲ့တဲ့ အသက် ၂၂ နှစ် စပိန်ကစားသမားဟာ (၆)နှစ် စာချုပ်နဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

“ကျနော့်အတွက် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလဟာ ရုပ်ရှင်ဇတ်ညွှန်းတစ်ခုလိုပါပဲ။ ဆိုစီဒက်အရန်အသင်း (အသင်း ဘီ)နဲ့ ပွဲထွက်ခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ အသင်းကြီးနဲ့ ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။”လို့ အိုဒရီယိုဇိုလာက သူ့ရဲ့ မိတ်ဆက်ပွဲမှာ ပြောပါတယ်။

“အကြီးကျယ်ဆုံးကလပ်ရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်ရမယ့် အိမ်မက်တွေကို ဖြည့်ဆည့်ဖို့ ကံကြမ္မာက ကျနော်ကို မျက်သာပေးခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲကို ကျနော့် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ကလပ်အသင်းက ကျနော့်အပေါ်မှာ ယုံကြည်မှုရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုပါတယ်။

ဘာနေဗျူးမှာ အဆိုပါနောက်ခံကစားသမားကို ရီးယဲလ်အသင်း ဥက္ကဌ ဖလော်တီနို ပီရက်ဇ်က ကြိုဆိုခဲ့ပါတယ်။

ပီရက်ဇ်က အိုဒရီယိုဇိုလာကို ကလပ်အသင်းကြီးများစွာက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ “ဒါပေမယ့် သူဟာ ဘယ်အသင်းကို သွားရောက်ပြီး ကစားလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။”လို့ ပီရက်ဇ်က ပြောပါတယ်။

“ရီးယဲလ်အသင်းကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးပါ။ တောင်းဆိုမှုအများဆုံးအသင်းဆီ ရွေးချယ် ဆုံးဖြတ်ခဲ့တယ်။ ဒါက မင်းရဲ့ ရည်းမှန်းချက်နဲ့ အောင်မြင်တဲ့သူ တစ်ယောက် ဗီဇပါလာတယ်ဆိုတာ ပြသရာရောက်ပါတယ်။”လို့ ပီရက်ဇ်က ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ အိုဒရီယိုဇိုလာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ အသင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ စပိန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ ရှုံးထွက်အဆင့်မှာ ရုရှားကို ပင်နယ်တီ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ပါတယ်။

အိုဒရီယိုဇိုလာဟာ ၂၀၁၇-၁၈ ရာသီမှာ ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ လာလီဂါ ၃၅ ပွဲ ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အိုဒရီယိုဇိုလာဟာ ယူရိုပါလိဂ် ၆ ပွဲ ကစားခဲ့ပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို သြစတြီးယားကလပ် Salzburg ပွဲမှာ သွင်းယူခဲ့ပါတယ်။

(EFE-EPA)

ဆက်စပ်သတင်း - ညာနောက်ခံလူ အိုဒရီယိုဇိုလာကို (၆) နှစ် စာချုပ်ဖြင့် ရီးယဲလ်အသင်း ခေါ်ယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags