လူငယ်နဲ့အာဇာနည်နေ့

 

မနေ့တုန်းက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ အာဇာနည်နေ့အကြောင်း စကားနည်းနည်းသွားပြောရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အခုလိုသွားပြီး   ဟောဖို့ပြောဖို့ ငြင်းဆန်မိမှာဖြစ်ပေမယ့် ကျောင်းသားအရွယ်လူငယ်တွေနဲ့ မထိတွေ့ရတာလည်းကြာ ကိုယ့်ကိုယ်ကိုလည်း လူငယ်တွေနဲ့တွေ့ပြီး ကိုယ့်စိတ်ကိုယ့်အတွေးကို အင်အားပြန်ဖြည့်တဲ့သဘောဖြစ်ရလေအောင် သွားပြီးစကားပြောခဲ့တာပါ။

အာဇာနည်ဆိုတာ ဘယ်လိုလူမျိုးကို ဆိုလိုတာလဲ။ အဲဒီအချက်ကို အရင်ဆွေးနွေးကြည့်ပါတယ်။ ကလေးတချို့က တော်ကြပါတယ်။ ကလေးအများစုကတော့ အာဇာနည်ဆိုတာ အကြောက်အလန့်မရှိတတ်သူဆိုတာလောက်အသိနဲ့ရပ်နေကြတာများပါတယ်။ ဒါပေမယ့်ကိုယ်ကလည်း ဖြည့်စွက်ပေး သူတို့ကလည်း ဝိုင်းကူစဉ်းစားကြရင်းက အာဇာနည်ဆိုတာ ကိုယ်ကျိုးထက် အများအကျိုးကိုဦးစားပေးသူ၊ အများအကျိုးအတွက်ဆိုရင် ကိုယ့်အသက်ကိုပင်စွန့်ဖို့ဝန်မလေးသူဖြစ်တယ်ဆိုတဲ့အဖြေကို ရအောင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေရာမှာ လူငယ်တွေရဲ့အသိညာဏ်နဲ့ပညာဗဟုသုတ ရပ်တန့်နှေးကွေးခဲ့ရတဲ့ ခေတ်ကြီးတစ်ခေတ်ကြောင့် ဒီကနေ့လူငယ်တွေရဲ့ခေါင်းထဲ အာဇာနည်နေ့အပေါ် ဘယ်လို ဘယ်လောက်အထိ သိနေကြတယ်၊ နားလည်ထားကြတယ်ဆိုတာကိုလည်း ကျနော်သိချင်ပါတယ်။ ဒါကြောင့်မို့ အာဇာနည်နေ့လို့ဘာပြုလို့သတ်မှတ်ခဲ့ကြတာလဲ။ အာဇာနည်နေ့တွေ နှစ်စဉ်ဘာပြုလို့ ကျင်းပနေကြရတာလဲ။ ကျနော်တို့ရဲ့ အာဇာနည်ကြီးများက ဘယ်သူတွေလည်း။ အစရှိတဲ့အချက်အလက်တချို့ကအစပြုပြီး အာဇာနည်နေ့စကားဝိုင်းကို စခဲ့ပါတယ်။

ထင်ထားတဲ့အတိုင်း ကျောင်းသားအများစုဟာ အာဇာနည် ဘယ်နှစ်ဦးရှိတယ်ဆိုတာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိဘနှစ်ပါးရဲ့အမည်တွေကို  ပြောင်းပြန်မှားပြီးသိနေကြတာ။ အဲသလောက်အထိ လူငယ်တွေရဲ့ခေါင်းထဲ ရှိနေကြတာသိရတော့ ကျနော်တော်တော်လေး စိတ်ပူသွားမိတယ်။ အာဇာနည်တွေအကြောင်း အာဇာနည်နေ့အဖြစ်အပျက်နဲ့ နောက်ခံသမိုင်းကြောင်းတွေဟာ ဒီကနေ့ကျောင်းသားလူငယ်တွေ အကြမ်းပျဉ်းအားဖြင့်တော့ သိနေသင့်ပါတယ်။ သမိုင်းပညာရှင်ကြီး ဒေါက် တာသန်းထွန်းပြောသလိုပြောရရင် သမိုင်းမသိရင် လူအတွေဖြစ်ကုန်မှာပေါ့ ဒါကြောင့်မို့ လူတွေမအရအောင် သမိုင်းသင်ရမယ်လို့ ပြောခဲ့တာ မှန်ပါတယ်။ အခုတော့ အာဇာနည်နေ့အကြောင်း ခြေခြေမြစ်မြစ်မသိကြတဲ့အပြင် အချက်အလက်တချို့ကို မှားယွင်းမှတ်သားထားမိကြတာမျိုးအထိ ဖြစ်နေတာတွေ့ရတော့ ဒီကနေ့လူငယ်တွေဟာ လူအတွေများဖြစ်ကုန်ကြပြီလား၊ လူအတွေဖြစ်ရင်းက လူကောင်းနဲ့လူဆိုးမခွဲခြားတတ်တော့ ကိုယ်ကိုယ်တိုင်က လူဆိုးလေးတွေဘက်ရောက်နေလို့ရောက်နေတတ်တဲ့ ကံဆိုးတဲ့လူငယ်တွေများဖြစ်သွားကြတော့မှာလား။ အဲသလိုတွေဆက်စပ်ပြီးတွေးတော့ ကျနော့်မှာ သက်ပြင်းတောင်မှချမိပါတယ်။

အာဇာနည်နေ့နဲ့ပတ်သက်ပြီး ကျနော်မနေ့ကတွေ့ခဲ့ရတဲ့ ကိုးတန်းဆယ်တန်းကျောင်းသားလူငယ်တချို့ သိရှိထားတဲ့ အသိညာဏ်အပေါ်မူတည်ပြီး အာဇာနည်နေ့အကြောင်း အာဇာနည်ကြီးများအကြောင်း ဂဃနဏ သိရှိထားသင့်တဲ့အကြောင်း အခုလို တို့ကဏန်းဆိတ်ကဏန်းလောက်ပဲသိနေရင် အချက်အလက်တွေမှားပြီးသိနေရင် စိတ်ပူပန်စရာလူငယ်တွေဖြစ်လာမှာ စိတ်ပူမိကြောင်း ပြောပြရပါတယ်။ ကျနော်တို့ဟာ တစ်နှစ်တစ်ခါ အာဇာနည်နေ့ကိုရောက်တိုင်း ကျဆုံးခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးကို ပြန်လည်အောက်မေ့ကြရုံနဲ့ အာဇာနည်နေ့ကျင်းပရခြင်းရည်ရွယ်ချက်ဟာပြည့်စုံမှာမဟုတ်တဲ့အကြောင်း အာဇာနည်နေ့သမိုင်းနဲ့ အာဇာနည်ကြီးများရဲ့စိတ်ဓါတ်နဲ့ကြိုးပမ်းချက်တွေကိုလည်း သိရှိထားကြဖို့လိုကြောင်း ဒါ့အပြင် အာဇာနည်ကြီးများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတဲ့သူတွေအကြောင်းလည်း သိရှိထားကြဖို့လိုကြောင်း ထပ်ပြီးရှင်းပြမိပါတယ်။ ဒါမှသာ လူငယ်များဟာ သမိုင်းသင်္ခါန်းစာတွေ ယူလို့ရမှာဖြစ်ကြောင်း၊ လူဆိုးက ဘယ်ဟာ လူကောင်းက ဘယ်သူ ခွဲခြားသိကြရမှာဖြစ်ကြောင်း ဒါမှသာလျင် ကိုယ်က ဘယ်သူ့ကိုအားကျအတုခိုးသင့်ပြီး ဘယ်လိုလူမျိုးကိုဆန့်ကျင်ကြရ ရှောင်ကြရှားကြရမယ်ဆိုတဲ့ သမိုင်းသင်္ခါ်န်းစာ ယူနိုင်ကြမှာဖြစ်ကြောင်း၊ အခုဆိုလျင် လူငယ်တချို့ လူတချို့ဟာ အာဇာနည်ကြီးများသတ်ဖြတ်ခဲ့သူ ဂဠုန်ဦးစောလိုလူကိုပင်လျင် သတ္တိရှိသူ၊ လုပ်ရဲကိုင်ရဲပြတ်သားရဲသူဖြစ်တယ်ဆိုပြီး အမွှန်းတင်ပြီးရေးကြပြောကြတဲ့သူတွေကို ဖေ့စ်ဘုတ်အင်တာနက်လူမှုကွန်ရက်မှာ တွေ့လာကြရတဲ့အကြောင်း ဒါဟာ စိတ်ပူစရာကောင်းတဲ့အခြေအနေဖြစ်ကြောင်း ပြောရပါတယ်။

ကောင်းပြီ။ သမိုင်းကိုမသိရင် လူငယ်တွေ ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေနိုင်သလဲ၊ အာဇာနည်နေ့က လူငယ်တွေ ယူကြရမယ့်သင်္ခါန်းစာကဘာလဲ။ ဒါကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများကို ကိုယ်ထိလက်ရောက်သတ်ဖြတ်ခဲ့ကြသူ လူသတ်သမားတွေထဲမှာ အသက် ၁၈ နှစ်ပင်မပြည့်သေးတဲ့ လူငယ်လေးတစ်ဦး ပါဝင်ခဲ့တဲ့အကြောင်း၊ သူဟာ အသက်မပြည့်သေးတဲ့သူဖြစ်လို့ သေစားသေစေပြစ်ဒဏ်အချမခံရပေမယ့် တသက်လုံးအကျဉ်းထောင်အတွင်းနေသွားရတဲ့အကြောင်း  သူ့မိသားစု သူ့မိဘအသိုင်းအဝိုင်းဟာ လူတွေကြား ခေါင်းမဖေါ်ရဲအောင်ဖြစ်ခဲ့ကြရတဲ့အကြောင်း၊ အဆိုးဝါးဆုံး အကျိုးသက်ရောက်မှုကတော့  သူ့ကြောင့် တိုင်းပြည်က မိဘသဖွယ်အားကိုးရတဲ့သူတွေကို ဆုံးရှုံးကြရတဲ့အကြောင်း တိုင်းပြည်နစ်နာဆုံးရှုံးမှုဟာ အလွန်ကြီးမားခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဒါဖြင့်ရင် အဲဒီအသက် ၁၈ နှစ်ပင်မပြည့်သေးတဲ့လူငယ်ဟာ ဘာပြုလို့ အခုလို ကြမ်းတမ်းရုတ်မာတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးထဲ ပါလာခဲ့တာလဲ၊ ဘာပြုလို့ ခေါင်းဆောင်ကြီးတွေမှရွေးပြီး သတ်ဖြတ်ခဲ့တာလဲ။ ဒါကိုဆက်ပြီးဆွေးနွေးတဲ့အခါ အဲဒီ အသက် ၁၈ နှစ်မပြည့်သေးတဲ့လူငယ်ဟာ အဲဒီခေတ်အခြေအနေတွေ တိုင်းပြည်နဲ့ပတ်သက်တဲ့ဗဟုသုတ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေဟာ ဘယ်လိုလူစားတွေလည်း၊ တခါ လုပ်ကြံဖို့ခေါင်းဆောင်တဲ့ ဂဠုန်ဦးစောဆိုတာကကော ဘယ်လိုလူလည်း၊ အဲသလိုအကြောင်းအရာတွေကို မသိတဲ့လူငယ်ဖြစ်နေတာ သွားတွေ့ရပါတယ်။ ဗဟုသုတနည်းပါးသူဖြစ်နေတာ သမိုင်းကိုစိတ်မဝင်စားသူဖြစ်နေတာသွားတွေ့ရပါတယ်။ ဒီတော့ကာ အဲဒီလူငယ်ဟာ တိုင်းပြည်နိုင်ငံရေးခေါင်းဆောင်နေရာရောက်နေသူတွေထဲ ဘယ်သူကဖြင့်လူကောင်း ဘယ်သူကဖြင့် ကိုယ်ကျိုးသမားလူဆိုး အဲသလိုခွဲခြားပြီးမသိနိုင်ဖြစ်တော့တာပေါ့။ ဒါတွေမသိတော့ လူအတစ်ယောက်ဖြစ်ပြီပေါ့။ အတော့ လူကောင်းကိုဆန့်ကျင်ပြီး လူဆိုးကိုဆရာတင်မိတဲ့လူငယ် အလွယ်လေးနဲ့ဖြစ်တော့တာပေါ့။ လက်နက်နဲ့လူသတ်ရတဲ့အလုပ်ကိုလည်း လုပ်သင့်မလုပ်သင့် အားကိုးသင့်မသင့် မစဉ်းတတ်နိုင်တော့ဘူးပေါ့။ ဒီလိုနဲ့ပဲ အာဇာနည်နေ့ရယ်လို့ဖြစ်လာရ တိုင်းပြည်နစ်နာရ ဒီလူငယ်လေးလည်း ထောင်နန်းစံရ။ အဲဒါ သမိုင်းမသိလို့ဖြစ်ရတဲ့အဖြစ်အပျက်။   အာဇာနည်နေ့က အရယူရမယ့်သမိုင်းသင်္ခါန်းစာတွေထဲမှာ အဲဒီအချက်ဟာ အင်မတန်အရေးကြီးတဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ဒါပါပဲ။ ဒ်ီကနေ့တော့ မနက်ဖြန်ကျရောက်မယ့် အာဇာနည်နေ့နှစ်ပါတ်လည်နေ့အတွက် ကျနော်ပြောချင်တာ ဒါပါပဲ။

လူငယ်များ ဗဟုသုတကြွယ်ဝနိုင်ကြပါစေ။ သမိုင်းသိသူ သမိုင်းလေ့လာသူ သမိုင်းသင်္ခါန်းစာယူတတ်သူ သို့မဟုတ် မအသူများဖြစ်နိုင်ကြပါစေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly