နိုင်ငံသားဖြစ်ခွင့်ရပါက နေရပ်ပြန်လိုကြဟု ကုလကိုယ်စားလှယ်ပြော

နိုင်ငံသားဖြစ်ခွင့်ရပါက နေရပ်ပြန်လိုကြဟု ကုလကိုယ်စားလှယ်ပြော
Photo: Ed Jones/AFP

ရန်ကုန်၊ ဇူလိုင် ၁၈ ။         ။ Cox's Bazar ရှိ ဘင်္ဂါလီဒုက္ခသည်များက လုံခြုံရေးအာမခံချက်နှင့် နိုင်ငံသားဖြစ်ခွင့်ရပါက နေရပ်ကို ပြန်လိုသည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင်ပြောဆိုခဲ့ကြောင်း  ကုလသမဂ္ဂမှ ထုတ်ပြန်လိုက်သည်။

လွတ်လပ်စွာ သွားလာမှု၊ နိုင်ငံသားဖြစ်ခွင့် ကိစ္စရပ်များတွင် ပိတ်ပင် ကန့်သတ်ထားမှု ရုပ်သိမ်းရေး တို့အပါအဝင် အခြေခံအခွင့်အရေးတို့ကို တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင် ၁၄ ရက်မှ ၁၆ ရက်အထိ ပထမဆုံး တရားဝင်ခရီး သွားရောက်ခဲ့ပြီး ယင်းသို့တောင်းဆိုခဲ့ကြကြောင်း UN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်သည် Cox's Bazar ရှိ ဒုက္ခသည်များကြုံတွေ့နေရသည့် အခက်အခဲများ ဆွေးနွေးခဲ့ပြီး ဘင်္ဂါလီများ မြန်မာနိုင်ငံတွင်နေထိုင်စဉ် လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်ခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်ကို ကြားသိခဲ့ရပြီး ကျူးလွန်ထားသမျှ ပြစ်မှုများအတွက် ထုတ်ဖော်တာဝန်ခံခိုင်းရန် အရေးကြီးကြောင်း ကုလကိုယ်စားလှယ်က ပြောသွားခဲ့သည်။

မြန်မာနိုင်ငံအစိုးရဘက်မှလည်း လွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့် စီစစ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် (NVC) ကဒ် ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် လာမည့်အပတ်တွင် နယူးယော့ခ်သို့ သွားရန် စီစဉ်ထားပြီး လုံခြုံရေးကောင်စီတွင် ၎င်း၏ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို ပြန်လည် ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ထွက်ပြေးသွားသည့် လူဦးရေ သိန်းဂဏန်းရှိသည်ဟု UN မှ ထုတ်ပြန်ထားခဲ့ပြီး၎င်းတို့ နေရပ်ပြန်လာရေး မြန်မာနှင့်ဘင်္ဂလာေးဒ့ရှ်တို့အကြား ပူးပေါင်းဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly