လူငယ်နဲ့ စကားပြေအရေးအသား

 

မနေ့တုန်းက စကားပြေအရေးအသားမှာအသုံးပြုတဲ့ အကောင်အထည်ပြစကားလုံးနဲ့ သဘောသဘာဝကိုပဲပြတဲ့ စကားလုံးများအကြောင်း ဆွေးနွေးလိုပါတယ်။

ဒီနေရာမှာ စကားပြေရေးတဲ့အခါ ရေးသူက စကားလုံးတွေ အသုံးပြုပြီးရေးတာဖြစ်တော့ စကားလုံးအဟောင်းတွေကို အသုံးပြုရတာရှိသလို တချိန်ထဲမှာပဲ စကားလုံးအသစ်တွေကိုလည်း    တွေးတောကြံဆ အသစ်ထွင်ရတာမျိုးလည်း ရှိပါတယ်။ စာရေးသူက သူပြောဆိုလို ရည်ညွှန်းလိုတဲ့အကြောင်းအရာကို ကိုယ်စားပြုတဲ့စကားလုံးကိုရွေးရတာ ပိုပြီးထိရောက်မယ့်စကားလုံးကိုရွေးရမှာ အသေအချာပါပဲ။

စကားလုံးအသစ် ထွင်တဲ့နေရာမှာ ထွင်တာများလွန်းလို့ စကားလုံးလော်လီသူ၊ ပေါ့ပျက်သူ၊ နောက်ဆုံး ကိုယ့်ဘာသာစကားကို ဖျက်ဆီးသူအဖြစ် ရှုတ်ချခံရတဲ့အထိ စကားလုံးသစ်ထွင်ရာမှာ   ကျော်ကြားသူတစ်ဦး ရှိပါတယ်။ သူကတော့ မျက်မှောက်ခေတ်မှာထင်ရှားလှတဲ့ ငြိမ်းချမ်းရေးသမားကဗျာဆရာကြီး “ဒဂုန်တာရာ”ပါပဲ။ သူဟာ စကားလုံးသစ်တွေအများကြီး သူ့ကဗျာတွေထဲ သူ့စကားပြေတွေထဲ ထည့်ရေးတတ်ပါတယ်။ အထင်ရှားဆုံးစကားလုံး နှစ်လုံးကတော့ “အနုပညာ” ဆိုတဲ့စကားလုံးနဲ့ “ဝတ်လစ်စလစ်လမ်းမကြီး” ဆိုတဲ့စကားလုံး နှစ်ခုပါပဲ။ ဒီစကားလုံးတွေဟာ သူ့ခေတ်အရင်က မရှိခဲ့ မပေါ်ခဲ့ မသုံးခဲ့ဖူးသေးတဲ့ စကားလုံးတွေပါပဲ။

စကားလုံးအသစ်ထွင်ရင် ထွင်တိုင်းကောင်းတာတော့မဟုတ်ပါဘူး။ စကားလုံးအသစ်ထွင်တာနဲ့ပတ်သက်ပြီး ဆရာ“မောင်ထင်” ပြောခဲ့ဖူးတဲ့စကား မှတ်သားဖို့ကောင်းပါတယ်။ “ဝေါဟာရ(စကားလုံး) ကို အကြောင်းမသိဘဲစေခိုင်းသည်ရှိသော် စေခိုင်းခြင်းခံရသူဝေါဟာရသည် စေခိုင်းသူကိုဖီဆန်လာမည်ဖြစ်သည်။ ထိုအခါ၌ မုန့်ပြားသလက်အကြောင်း ရေးနေသော်လည်း မုံလာဥဖြစ်ချင်ဖြစ်သွားနိုင်သည်” ဆိုတဲ့စကားပါပဲ။ အင်မတန်မှတ်သားဖို့ကောင်းပါတယ်။

မှန်ပါတယ်။ အသစ်ထွင်တဲ့အခါ ကိုယ်အသစ်ထွင်လိုက်တဲ့စကားလုံးက ကိုယ်ဆိုလိုချင်တဲ့အရာကို အပြည့်အဝမဖေါ်ကျူးနိုင်တာမျိုး တနည်းအားဖြင့် ပေါ်လွင်အောင်မဖေါ်ပြနိုင်တဲ့စကားလုံးတွေ ဖြစ်တတ်ပါတယ်။ ဥပမာ အနုပညာ ဆိုတဲ့စကားလုံးက နူးညံ့သိမ်မွေ့ပြီး အနုစိတ် ဖေါ်ပြလုပ်ကိုင်ရတဲ့အလုပ်မို့ အနုပညာ ဆိုတဲ့စကားလုံးဟာ နောက်ပိုင်းမှာ လူတိုင်းလိုက်လံသုံးစွဲလာကြပြီး အတည်ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက အသစ်ထွင်သူရဲ့စကားကို စကားလုံးသစ်ကိုယ်တိုင်က လိုက်နာခဲ့တာမို့ အဲဒီစကားလုံးကို လူတွေအသိအမှတ်ပြုလို့ မြဲသွားတဲ့စကားလုံး ထိရောက်တဲ့စကားလုံးဖြစ်သွားတာပါ။ အကယ်၍ အသစ်ထွင်သူက မထွင်တတ်တဲ့အခါ သူထွင်တဲ့စကားလုံးက သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကို အပြည့်အ၀ ကိုယ်စားမပြု မဖေါ်ပြနိုင်တဲ့အခါ အဓိပ္ပါယ်လွဲတာမျိုး ေ၀ဝါးစေတာမျိုးတွေဖြစ်ပြီး ပြောချင်တာကတခြား ပေါ်လာတာကတခြားဖြစ်စေတော့တာပါပဲ။ ပြင်လွန်းလို့ ဖင်ချွန်းရတယ်ဆိုပြီး အပြောင်အပျက်သဘောအပြောခံရတာဟာ အခြေခံကျကျ အသစ်မထွင်တတ်ဘဲ ပြောကြရေးကြတဲ့သူတွေကို ရည်ညွှန်းတဲ့စကားလုံးပါပဲ။

ကောင်းပြီ။ စကားလုံးကိုအသုံးပြုပြီး စကားပြေရေးကြတော့မယ်ဆိုပါတော့။ ဘယ်လိုအကြောင်းအရာကိုကိုယ်စားပြုတဲ့စကားလုံးတွေကိုအသုံးပြုကြရမလဲ။ အကြမ်းအားဖြင့်တော့ “စကားလုံးအုပ်စုကြီး နှစ်ခု”ပဲရှိပါတယ်။ အကောင်အထည်ပြ စကားလုံးအုပ်စုနဲ့ သဘောသဘာဝကိုပဲပြတဲ့ စကားလုံးအုပ်စုရယ်လို့ နှစ်အုပ်စုပဲရှိတာတွေ့ရပါလိမ့်မယ်။

အကောင်အထည်ပြစကားလုံးဆိုတာက မြင်၊ ထိ၊ ကြား လို့ရတဲ့အကြောင်းအရာတွေကိုကိုယ်စားပြုတဲ့စကားလုံးတွေပါပဲ။ ဥပမာ “လူ၊ ခွေး၊ ကုလားထိုင်၊ လ၊ သစ်ပင်” အစရှိတဲ့စကားလုံးတွေပါ။ အဲ သဘောသဘာဝကိုပဲပြတဲ့ သဘောသဘာဝအရပဲ သိလို့ရတဲ့စကားလုံးတွေကတော့ “စိတ်၊ ဝီရိယ၊ ဇွဲ၊ မေတ္တာ၊ အမုန်း” အစရှိတဲ့စကားလုံးများဖြစ်ပါတယ်။ လူတွေက သဘောသဘာဝအရပဲ သိနိုင် သဘောပေါက်စေနိုင်တဲ့စကားလုံးတွေပါပဲ။ မြင် ကြား ထိတွေ့လို့မရဘဲ သဘောသဘာဝအရပဲ သိရတဲ့စကားလုံးတွေဖြစ်ပါတယ်။

ဥပမာပြတဲ့သဘော အသုံးပြုကြရမယ်ဆိုရင် လမ်းထိပ်တွင် လူနှစ်ယောက် ရန်ဖြစ်နေသည် ဆိုတဲ့စာကြောင်းဆိုပါစို့။ အဲသလိုရေးလိုက်ရင် လူနှစ်ယောက်ကို မျက်စေ့နဲ့တိုက်ရိုက်မြင်စေနိုင်မှာအသေအချာပါပဲ။ ခွေးတစ်ကောင် ခြံထဲက ပြေးထွက်လာသည်ဟု ဆိုလျင်လည်း ခွေးဆိုသည့်သတ္တဝါကို လူတိုင်းချက်ချင်း မြင်နိုင်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုဖြစ်တဲ့ သဘောသဘာဝအရပဲသိနိုင်တဲ့ သဘောသဘာဝကိုပဲ ကိုယ်စားပြုတဲ့စကားလုံးတွေကြတော့ လူတွေလက်ခံနားလည်ထားတဲ့သဘောသဘာဝအရပဲ စာဖတ်သူက ကြားသူက သဘောပေါက်စေမှာဖြစ်ပြီး မြင်လို့ထိလို့ကြားလို့တော့မရတဲ့စကားလုံးတွေပါပဲ။ ဥပမာ သူတို့နှစ်ဦးကြားမှာ အင်မတန်ခိုင်မြဲတဲ့ “မေတ္တာ” ရှိနေကြပါတယ် ဆိုတဲ့စကားမှာ မေတ္တာ ဆိုတာ လူတွေ ထိတွေ့ကြားသိလို့ရတဲ့အရာမဟုတ်ဘဲ မေတ္တာဆိုတာ အပြန်အလှန်အကောင်းမြင်ကြ။ အပြန်အလှန်ချစ်ခင်ကြင်နာကြတဲ့အကြောင်းကို ကိုယ်စားပြုတဲ့စကားလုံးအဖြစ်သာ နားလည်ကြရတာပါ။ ဒါကို သဘောသဘာဝအရ နားလည်ကြ အသုံးပြုကြရတဲ့စကားလုံးများအဖြစ် သတ်မှတ်ကြပါတယ်။

စကားပြေရေးတော့မယ် စကားပြောတော့မယ်ဆိုရင် အဲဒီ စကားလုံးအမျိုးအစားကို မှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုတတ်ရပါလိမ့်မယ်။ “မင်းကလည်း စကားပြောရင် ရှင်းအောင်ပြောစမ်းပါ ဝေ့လည်ကြောင်ပတ်မပြောစမ်းပါနဲ့ ငါ နားမလည်ဘူးကွာ” လို့ပြောလိုက်တာဟာ ပြောပြတဲ့သူက သူပြောတဲ့စကားထဲ စကားလုံးတွေ မှန်မှန်ကန်ကန် ရွေးချယ်ပြီးအသုံးမပြုတတ်ပဲ၊ စကားလုံးတွေကို သူ့နေရာနဲ့သူ အစီစဉ်တကျ ထားသိုပြီး မပြောတတ်လို့ အဲသလို အဓိပ္ပါယ်ရှုတ်ထွေးစေတာပါပဲ။

ကဲ ဒီကနေ့တော့ ဒီမှာတင်နားလိုက်ပါဦးမယ်။ နောက်နေ့တွေကြမှ စကားပြေအရေးအသားကိစ္စ ဆက်ကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေဗျား။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly