သီဟတင်စိုးအား မုဒိမ်းမှုဖြင့် အရေးယူရန်တိုင်ကြားမှုသည် မမှန်ကန်

သီဟတင်စိုးအား မုဒိမ်းမှုဖြင့် အရေးယူရန်တိုင်ကြားမှုသည် မမှန်ကန်
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊ ဇူလိုင် ၁၈ ။           ။ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား အိမ်အကူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့သည့်အမှုမှာ မှန်ကန်မှု မရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ်အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ဇူလိုင်လ ၁၃ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် ဒေါ်ဇင်မာဦး အပြင်သို့ သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အိမ်ပွဲစား ဒေါ်ညိုဆိုသူက အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၎င်းမှ တာဝန် ယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု  ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် ၄ နှစ်မှစတင်ပြီး ၆ ကြိမ်အထိ ထိုကဲ့သို့ လုပ်ဆောင်ရန်ကြိုးပမ်းခဲ့ပြီး သရုပ်ဆောင်နေဆန်း နေအိမ်တွင်ပါ လုပ်ကိုင်ခဲ့ဖူးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်ရှိ ဒေါ်----၏ နေအိမ်တွင် အိမ် အကူအဖြစ်
စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လစာ(၁)သိန်းခွဲရရှိကြောင်း၊ အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့သည်။

ဒုတိယအကြိမ် ပုဇွန်တောင်မြို့နယ်ဈေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံ ဖန်တီးရန် ယောက်ျားမရှိသဖြင့် အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင်နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တအကြိမ် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ် အိမ်အကူ လုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆဋ္ဌမအကြိမ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၎င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူက သားမယားအဖြစ် ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့်ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြုကျင့်ခံရသည် ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ   လျော်ကြေးငွေတောင်းခံခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှ
စေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အသက် ၇၅ နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူထားခြင်း ဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သီဟတင်စိုး၏ ဇနီး ဇင်မာဦး အား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်း မသင်းသင်းထက်အောင်မှ တရားလိုပြု လုပ်၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ)ညိုညို (ခ) ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရပါ သည်။

တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly