ရေကြီးမှုကြောင့် တနင်္သာရီမြို့ရှိ ကျောင်းအားလုံး ပိတ်ထားရ

ရေကြီးမှုကြောင့် တနင်္သာရီမြို့ရှိ ကျောင်းအားလုံး ပိတ်ထားရ

 

ရန်ကုန်၊ ဇူလိုင် ၁၈ ။         ။ တနင်္သာရီမြို့တွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်လာသောကြောင့် မြို့တွင်းနှင့် နီးစပ်ရာရွာများမှ အခြေခံပညာသင်ကျောင်း အားလုံးပိတ်ထားရသည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မဇ္ဈိမသို့ ပြောသည်။

“ မနေ့ကတော့ ၁၂  ကျောင်းပိတ်တယ်။ ညနေနဲ့ ညဘက်မှာရေထပ်တိုးတာတွေ့ရတော့ အထက်တန်း ကျောင်းပါ ထပ်ပိတ်လိုက်တယ်ခင်ဗျ။ အခု ၁၅ ကျောင်းဖြစ်သွားပြီ ပိတ်တာ “ ဟု ၎င်းကဆိုသည်။

အဆိုပါကျောင်းအားလုံးကို လာမည့် ဇူလိုင် ၂၁ ရက်နောက်ပိုင်းတွင်ပြန်ဖွင့်မည်ဟု အခြေခံပညာဦးစီးဌာနမှ ကြေညာထားသော်လည်း လတ်တလော အခြေအနေအရ ပြန်ဖွင့်ရန်မဖြစ်နိုင်သေးကြောင်းလည်း တနင်္သာရီမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ယာယီပိတ်ထားရသော အခြေခံပညာကျောင်းများမှာ တမုတ်ချုံး ကျေးရွာအုပ်စု၊ ဘန်းသဲရွာ မူမွန်ကျောင်း၊  ကျောက်မီးကျောင်းရွာ အမကကျောင်း၊ မြန်မာအင်းတော်ရွာ အမကကျောင်း၊ သိန္ဓောကျေးရွာအုပ်စု သူဌေးအရှေ့ရွာ အမကကျောင်း၊ မော်တုန်း အနောက်ကမ်းရွာ အလက (ခွဲ) ကျောင်း၊ ကျောက်တလုံး ကျေးရွာအုပ်စု မြေမအုံရွာ အမကကျောင်း၊ ပဝကျေးရွာအုပ်စု သက္ကယ်ကျော်ရွာ အမကကျောင်း၊ ပဝကျွန်းရှည်ရွာ အမကကျောင်း၊ ပဝထိန်ရွာ အမကကျောင်း၊ ပဝ ဝါသရွာ အမကကျောင်း၊ ပဝပိန်းတောရွာ အမကကျောင်း၊ ချောင်းငယ်ရပ်ကွက် တပ်ဦး အမကကျောင်း စသည့်ကျောင်းများနှင့် ချောင်းကြီးရပ်ကွက် အထကကျောင်း၌ KGတန်းမှ ဆဋ္ဌမတန်းအထိ ယာယီ ပိတ်ထားကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီမြို့နှင့် အနီးဝန်းကျင်ရှိ မြေနိမ့်ပိုင်းအိမ်များမှာရေမြုပ်နေပြီး အနည်းဆုံး ကျေးရွာ ၅ ရွာမှာ လူဦးရေ ၂၀၀ခန့်ကို အရေးပေါ်ပြောင်းရွှေ့ပေး ထားရကြောင်းလည်းသိရသည်။

ထားဝယ်ဘက်မှစီးသည့်မြစ်နှင့် ငဝန်ချောင်းဘက်မှစီးသည့်မြစ် နှစ်ခုဆုံရာဖြစ်သည့်အတွက် တနင်္သာရီမြို့တွင် ရေကြီးမှုများဖြစ်ပွားလေ့ရှိသည်ဟုလည်း ဦးရဲမြင့်ဆွေ ကပြောသည်။

“ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ နှစ်မှာတော့မဖြစ်ခဲ့ဘူး။ ခုမှ ဖြစ်တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၇ ပေမှ တစ်မြို့လုံးမြှုပ်တဲ့အနေအထားပါ။ အခုအနေအထားက အရမ်းကြီးစိုးရိမ်ရတဲ့အနေအထားမှာ မပါသေးပါဘူး” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့တွင် ၄ နှစ်အတွင်း အဆိုးဝါးဆုံး ရေကြီး ရေလျှံနစ်မြှုပ်မှုကို ယခုနှစ်တွင် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပြီး၊ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ပြီး၊ စိုးရိမ်ရေမှတ် ၁၇ ပေမှ ကျော်လွန်ပြီး၊   မြှင့်တက်လျက်ရှိသည့် မြစ်ရေသည် လက်ရှိ ၁၈ ရက်နေ့တွင်  ၁၉ ပေ အထိ ဆက်လက်မြှင့်တက်နေသောကြောင့် နေအိမ်များ ရာနှင့်ချီ နစ်မြှုပ်မှု ဖြစ်နေကာ ကယ်ဆယ်ရေး စခန်းများလည်း စတင် လက်ခံနေပြီး ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly