နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ

နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့အတိုင်း သဘာဝပစ္စည်းတွေအားလုံးဟာ ဆေးဖက်ဝင်အာနိသင် အမျိုးမျိုးရှိကြပါတယ်။ ဒီအရွက်က ဘယ်ရောဂါကိုကာကွယ်ပေးတယ်၊ ဒီအသီးက ဘယ်ရောဂါကိုပျောက်စေတယ်၊ စသည်ဖြင့်ပေါ့။ ဥပမာ မြင်းခွာရွက်က မျက်စိအားကောင်းတယ်၊ ရုံးပတီသီးက အရွတ်အတွက်ကောင်းတယ် ဆိုတာမျိုး။

ဒီတစ်ခါတော့ အသီးအရွက်တွေမဟုတ်ဘဲ အမြစ်ကနေ ဆေးဖက်ဝင်တဲ့ နွယ်ချိုအကြောင်း လေ့လာရအောင်။ လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စတဲ့ မြန်မာတိုင်းရင်းဆေးတွေမှာ ပါတတ်တဲ့ ချိုချိုအေးအေးအရသာလေးကို သတိထားမိကြမှာပါ။ အဲဒါနွယ်ချိုပါဝင်လို့ပါ။ နွယ်ချိုရဲ့ ဆေးဖက်ဝင်အာနိသင်တွေက –

(၁) ခံတွင်းအနာတွေ ပျောက်ကင်းစေတယ်

ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကိုသုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင် အနာကျက်ခြင်းကို ကူညီအားပေးပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။

(၂) အသည်းကိုကာကွယ်ပေးတယ်

နွယ်ချိုက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပြီး အသည်းရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိန်းပေးပါတယ်။ သူ့မှာပါတဲ့  flavonoid isoliquiritigenin က ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတဲ့အတွက်  အဆီနဲ့အစားအသောက်ကြောင့် အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၃) အဆစ်နာသက်သာစေတယ်

နွယ်ချိုက အရောင်ကျစေတဲ့အာနိသင်ရှိလို့ အဆစ်နာရောဂါကုသရာမှာ ထိရောက်မှုရှိပါတယ်။

(၄) သွေးဆုံးကိုင်ခြင်းလက္ခဏာတွေကို သက်သာစေတယ်

နွယ်ချိုက အက်စထရိုဂျင်နဲ့ ပရိုဂျက်စတာရုန်းဟော်မုန်းတွေကို ထိန်းညှိပေးတဲ့ isoflavones ကြွယ်ဝတာကြောင့် သွေးဆုံးကိုင်လက္ခဏာတွေကို သိသိသာသာ သက်သာလျော့ပါးစေပါတယ်။ phytoestrogens တွေပါဝင်ပြီး ကိုယ်တွင်းက ပရိုဂျက်စတာရုန်းပမာဏကို တိုးစေဖို့ကူညီပေးတဲ့အတွက် ရာသီလာနေချိန်ခံစားရတတ်တဲ့ ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၅) ကိုယ်ခံအားတိုးစေတယ်

ရောဂါပိုးတွေကိုသေစေတဲ့ interferon ပမာဏကိုတိုးစေပြီး glycyrrhizinic acid ပါဝင်မှုကြောင့် ခုခံအားဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်ပါတယ်။

(၆) အသက်ရှူလမ်းကြောင်းရောဂါတွေကိုသက်သာစေတယ်

နွယ်ချိုက လည်ချောင်းနာ၊ ချောင်းဆိုး၊ အအေးမိခြင်း၊ လေပြွန်ရောင်ခြင်းနဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေပြွန်နဲ့အဆုတ်တွင်းက သလိပ်တွေကိုရှင်းလင်းပစ်နိုင်လို့ ချွဲပျော်ဆေးအဖြစ်လည်းအာနိသင်ရှိပါတယ်။

(၇) အသားအရေကျန်းမာရေးကို အထောက်အကူပြုတယ်

နွယ်ချိုက အသားအရေအတွက်လည်း ဆေးစွမ်းတစ်လက်ဖြစ်ပြီး နှင်းခူ၊ သဲဝဲနဲ့ ဆိုရီရေးစစ် တို့လို အရေပြားပြဿနာတွေကို ကုသရာမှာ အကျိုးကျေးဇူးရှိပါတယ်။ အရေပြားမှာ ရောင်ရမ်းမှုနဲ့ယားယံမှုကို သက်သာစေပြီး အသားဖြူစေတဲ့အာနိသင်ရှိပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့အရေပြားဓာတ်မတည့်မှုကိုကာကွယ်ပေးပြီး အသားအရေနီမြန်းမှုကို သက်သာစေပါတယ်။

(၈) ဆံသားကျန်းမာစေတယ်

ဆံသားအဆီပြန်ခြင်းကိုသက်သာစေပြီး ဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။ နွယ်ချိုက ဆံပင်သန်စေတဲ့အာနိသင်လည်းရှိပါတယ်။

(၉) စိတ်ကျဝေဒနာကို သက်သာစေတယ်

နွယ်ချိုမှာ စိတ်ကျဝေဒနာကို သက်သာစေတဲ့ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်၊ဘီတာကယ်ရိုတင်းလို မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေနဲ့ ဖလေဗာနွိုက်ဓာတ်တွေပါဝင်ပါတယ်။

(၁၀) နှလုံးကျန်းမာစေတယ်

နွယ်ချိုရဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆီးချိုဝေဒနာရှင်တွေမှာ နှလုံးနဲ့ဆိုင်တဲ့ရောဂါပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ flavonoid glabridin ကြောင့် သွေးတွင်း အချိုဓာတ်မြင့်တက်မှုမှာနှလုံးသွေးကြောကိုကာကွယ်ပေးပြီး သွေးကြောတွေထဲမှာ အဆီချေးတွေဖြစ်ပေါ်မှုကိုကာကွယ်ပေးတဲ့အတွက် ဆီးချိုလူနာတွေမှာ သွေးလည်ပတ်မှုကောင်းစေပါတယ်။

(၁၁) မှတ်ဉာဏ်ကောင်းစေတယ်

glabridin ရဲ့အာရုံကြောကာကွယ်နိုင်စွမ်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုကိုကာကွယ်ပေးပြီး သင်ယူလေ့လာနိုင်စွမ်းနဲ့ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ amorfrutins  ပါဝင်မှုကြောင့် ဆီးချိုကာကွယ်နိုင်၊ ရောင်ရမ်းမှုလျော့ကျနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုလျော့စေပါတယ်။

(၁၂) ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးမှုကိုကုသနိုင်တယ်

သုတေသနတွေ့ရှိချက်တွေအရ အပူပေးထားတဲ့နွယ်ချိုက ဆီးချိုကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးမှုကို ကုသရာမှာ ထိရောက်မှုအာနိသင်ရှိတယ်လို့သိရပါတယ်။ နွယ်ချိုရဲ့အာနိသင်က ဆီးချိုဖြစ်တာကြာလာရင် ရှိလာနိုင်တဲ့ ကျောက်ကပ်ပျက်စီးမှုလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်၊ ကုသနိုင်ဖို့ ကူညီပေးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly