Orchid ဟိုတယ်ကို လုပ်ငန်းဆုံးရှုံး၍ ပိတ်သိမ်းခြင်းမဟုတ်ဟုဆို

Orchid ဟိုတယ်ကို လုပ်ငန်းဆုံးရှုံး၍ ပိတ်သိမ်းခြင်းမဟုတ်ဟုဆို

ဇူလိုင် ၁၇။   ။ Orchid ဟိုတယ်ကို လုပ်ငန်းဆုံးရှုံး၍ ပိတ်သိမ်းခြင်းမဟုတ်ကြောင်း Orchid ဟိုတယ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင် ကပြောသည်။

ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်ရှိ Orchid ဟိုတယ်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁ရက်မှ စတင်ကာ စီးပွားရေးလုပ်ငန်းအဖြစ်မှ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ရက်က Orchid ဟိုတယ်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ပိတ်လိုက်မယ်ပုံစံက ရှေ့ကနေသုံးထပ်သားတွေနဲ့ပိတ်ပြီးတော့ Orchid ဟိုတယ်ကြီး ပိတ်သွားတယ်ဆိုတဲ့ အနေအထားမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာပဲနေနေမှာပါ။ ကျွန်တော့် အိမ်လည်း စုစုပေါင်းဒါပဲရှိတာပါ။ ကျွန်တော့်မိသားစုရော ၊ ကျွန်တော့်အဖေလည်း ဒီမှာနေနေတယ်။ ဒီဟောခန်းကြီးတွေရှိနေမှာပါ။ ဇန်နဝါရီ ၁ရက်နေ့ကစပြီး အခကြေးငွေ ပေးစရာမလိုတော့ပါဘူး။ ပိတ်တာက စီးပွားရေးလုပ်ငန်းကို ပိတ်လိုက်တော့မှာပါ" ဟု ဦးဌေးအာင်ကပြောသည်။

ထိုသို့ Orchid ဟိုတယ်ကို ပိတ်သိမ်းခြင်းမှာ လုပ်ငန်းဆုံးရှုံး၍ ရပ်နားခြင်းမဟုတ်ဘဲ လုပ်ငန်း မကောင်းတော့မည်ကို ရည်ရွယ်ပြီး ရပ်နားခြင်း ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်ပြော သည်။

Orchid ဟိုတယ်ကို ၁၉၉၃ခုနှစ်မှ စတင်ကာ စင်ကာပူနိုင်ငံမှ အများပိုင်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ၁၉၉၇ နှစ်ကုန်ပိုင်းတွင် ယာယီပိတ်ခဲ့သည်။
စင်ကာပူကုမ္ပဏီမှ ရှယ်ယာ ၇၅ရာ ခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီမှ ရှယ်ယာ ၂၅ရာခိုင်နှုန်းဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းပြီးနောက်ပိုင်းတွင် ဟိုတယ်ကို ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ ကုမ္ပဏီမှ ရှယ်ယာ ၅၀ရာခိုင်နှုန်းကို စင်ကာပူကုမ္ပဏီထံမှ ပြန်လည်ဝယ်ယူကာ မြန်မာကုမ္ပဏီ ရှယ်ယာ ၇၅ရာခိုင်နှုန်း၊ စင်ကာပူကုမ္ပဏီမှ ရှယ်ယာ ၂၅ရာခိုင်နှုန်းဖြင့် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ယခုအချိန်တွင် အစုရှယ်ယာ ၉၉ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ဦးဌေးအောင်ကပြောသည်။

Orchid ဟိုတယ်ကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည်ဖြစ်ကာ ဟိုတယ်လုပ်ငန်းကို လုံးဝလုပ်ဆောင်တော့မည်မဟုတ်ကြောင်း သိရသည်။

အဆိုပါဟိုတယ်သည် ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ဖွင့်လှစ်ထားပြီး အနုပညာရှင်တို့၏ မိတ်ဆက်ပွဲများကြောင့် ထင်ရှားသည့် ဟိုတယ်တစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly