အမေ့လျော့ခံ အညတရသူရဲကောင်းတစ်ဦးရဲ့ နေဝင်ချိန် (သို့မဟုတ်) ဓားစန်းရီ

အမေ့လျော့ခံ အညတရသူရဲကောင်းတစ်ဦးရဲ့ နေဝင်ချိန် (သို့မဟုတ်) ဓားစန်းရီ

ဇူလိုင် ၁၇ ။           ။ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ  နေအိမ်ခပ်စိပ်စိပ်ရပ်ကွက်ထဲက အိမ်ကလေးမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားအိုတစ်ဦးကို ဂရုပြုမိသူတွေ အတော်နည်းပါးလှပါတယ်။ အဲဒီ အဘွားအိုကတော့ သမိုင်းစာမျက်နှာတွေထဲမှာ အမေ့လျော့ခံထားရတဲ့ အညတရ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဓားစန်းရီလို့ လူသိများတဲ့ ဒေါ်စန်းရီ ဖြစ်ပါတယ်။

ဓားတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ပြီး၊ ဒုစရိုက်လောကမှာရော၊ ရဲဝန်ထမ်းလောကမှာပါ ဖိန်ဖိန့်တုန်အောင် နာမည်ကြီးခဲ့တဲ့ ဓားစန်းရီဟာ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုက မြောက်ကိုရီးယားနိုင်ငံသား တရားခံ ဇင်မိုကို အရှင်ရအောင် အသက်စွန့်ပြီး ဖမ်းဆီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်လောက်မှာ ပုဇွန်တောင်ဈေး အနောက်ဘက် က ချောင်းရိုးတစ်လျှောက်ဆူညံသံတွေကြားရတဲ့အတွက် ညောင်တန်း ဆိပ်ကမ်းအနီးမှာနေတဲ့ ဓားစန်းရီ တစ်ယောက် ညဝတ်အင်္ကျီနဲ့ ချောင်းစပ်ကို ပြေးထွက်လာခဲ့ရာက ဒီအဖြစ်အပျက်တွေ စတင်ခဲ့တာဖြစ်ပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုတ်ဂူကို ဖောက်ခွဲပစ်ပြီလို့ မနက်က ကြားလိုက်ရတော့ နားထဲမှာ မခံနိုင်လို့ ၊ ဟာ ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ဖောက်ခွဲလို့ ၊ အုတ်ဂူကိုဖောက်ခွဲတဲ့ကောင်တွေပဲ ဖြစ်မှာပဲလို့ ၊ ငါ သွားကြည့်ဦးမယ် ဆိုပြီးတော့ သွားဆင်းကြည့်ပြီး စိတ်ထဲကိုက မခံချင်တဲ့စိတ်နဲ့ ပြင်းပြပြီးတော့ ဆင်းဖမ်းတာ ”  လို့ ဓားစန်းရီက အဲဒီညကို ပြန်ပြောင်းပြောပြပါတယ်။

တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်ကို လုပ်ကြံမှုမှာ တောင်ကိုရီးယားအရာရှိ ၁၇ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် သမိုင်းဝင် အာဇာနည်တွေရဲ့ အုတ်ဂူတွေလည်း ပျက်စီးခဲ့ရပြီး အဲဒီနေရာမှာပဲ ကနေ့ခေတ် မြင်နေရတဲ့ အာဇာနည်ဗိမာန်ကို ပြန်တည်ဆောက်ခဲ့ရတာပါ။

ဒီ လုပ်ကြံမှုမှာ ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေ ဖမ်းမိခဲ့ပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။

ပုဇွန်တောင်ချောင်းမှာ တရားခံ ဇင်မိုကို အရှင်ရအောင် ဖမ်းဆီးပေးခဲ့တဲ့ ဓားစန်းရီကို အစိုးရက ဂုဏ်ပြု မှတ်တမ်းနဲ့ ကက်ဆက်တစ်လုံး၊ ဆုချီးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားမှာတော့ ဓားစန်းရီ ဟာ မွေးစားသမီးဖြစ်သူရဲ့အိမ်ကလေးမှာ ဆင်းရဲချို့တဲ့စွာနေထိုင်ရင်း တစ်ချိန်က ရဲရင့်တဲ့နှလုံးသားပိုင်ရှင် ဒေါ်စန်းရီဟာ အခု အချိန်မှာတော့ နှလုံးရောဂါဝေဒနာကိုလည်း ခံစားနေရပါတယ်။

အာဇာနည်နေ့နဲ့ အာဇာနည်ဗိမာန်ဟာ ခွဲခြားလို့မရအောင် သမိုင်းအစဉ်အလာကြီးမားလှသလို အာဇာနည်တွေ လဲလျောင်းရာ ဗိမာန်ကို ဗုံးဖေါက်ခဲ့တဲ့ တရားခံကို ဖမ်းပေးခဲ့တဲ့ အရပ်သား အမျိုးသမီး ဓားစန်းရီဟာလည်း သမိုင်းထဲက အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု အခါမှာတော့ အမေ့လျော့ခံ အညတရသူရဲကောင်း ဓားစန်းရီဟာ ဆိုးဝါးလာတဲ့ ကျန်းမာရေးကြောင့် သူရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လူစည်ကားရာနေရာတွေမှာ အလှူခံဖို့တောင် ခက်ခဲနေပြီး လာရောက်ကူညီပေးမယ့်သူတွေကိုသာ နေအိမ်ကစောင့်မျှော်ရင်း ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရရှာပါတယ်။

အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦးရဲ့ အခက်အခဲကို အခုလိုပဲ သူက ခပ်ရှင်းရှင်း ပြောချလိုက်ပါတော့တယ်။

“ အဘွားကို မြေလေးတစ်ကွက်လောက် ၊ တင့်တင့်တယ်တယ် လူကြားထဲမှာ နေနိုင်တဲ့နေရာလေးမှာ မြေတစ်ကွက်လောက်လေးနဲ့ အိမ်လေးတစ်လုံးနဲ့၊ အဘွားဟာ အဘွား ဈေးလေးဘာလေး ထိုင်ရင်းနဲ့ ရောင်းစားမယ်။ သူတို့အနေနဲ့ ငွေကြေးလေးထောက်ပံ့မယ်ဆိုရင်တောင် အဘွား ကျေနပ်ပါတယ် ” ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly