ကြားဖြတ်ရွေးကောက်ပွဲကာလ ရခိုင်မြောက်ပိုင်း လုံခြုံရေးတိုးမြှင့်ဖို့ တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲကာလ ရခိုင်မြောက်ပိုင်း လုံခြုံရေးတိုးမြှင့်ဖို့ တောင်းဆို

 

စစ်တွေ၊ ဇူလိုင်လ ၁၇ ရက်။                                    ။  နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးကာလအတွင်း ရခိုင် မြောက်ပိုင်း၏ လုံခြုံရေးကို ဦးစားပေး တိုးမြှင့်ပေးဖို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တောင်းဆို လိုက်သည်။

ပြည်နယ်လွှတ်တော်၏ လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့နယ် တည်ရှိရာ ရခိုင်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သလို အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်ခဲ့သည်ဟု ယူဆရသော မြေအောက် ဥမင်လိုက်ခေါင်းများကိုလည်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် တည်ငြိမ်မှု စိုးရိမ်ရသည့် အဆိုပါဒေသအတွင်း ရွေးကောက်ပွဲကာလ၌ လုံခြုံရေး ပျက်ပြားမည်ကို စိုးရိမ် နေကြခြင်းလည်း ဖြစ်သည်။

“ရသေ့တောင်ရယ်။ မောင်တောရယ်။ အဲဒီနယ်မြေတွေဟာ ကျနော်တို့ရဲ့ ပဋိပက္ခဖြစ်ပွားခဲ့ဖူးတဲ့ နယ်မြေတွေဖြစ်တဲ့ အတွက် မဲပေးတဲ့ ကာလတွေမှာ လုံခြုံရေးပိုင်းကို အဓိက ထားပြီးပေးရမယ်လို့ ကျနော်တို့ ယူဆပါတယ်။”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်သိန်းဖြူက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအပါအဝင် စစ်တွေခရိုင်၊ မြို့နယ်စသည့် ကော်မရှင်အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ထိုသို့ တောင်းဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို တောင်းဆိုမှုနှင့် ပတ်သက်၍ အဖွ့ဲဝင်တစ်ဦးချင်းစီအနေဖြင့် ဆုံးဖြတ်၍ မရသဖြင့် ဆက်လက်တင်ပြပေးသွားမည်ဟု ပြည်ထောင်စု ကော်မရှင်အဖွဲ့ဝင်များက ဆိုသည်။

 “ဒီမိုကရေစီလမ်းစဉ်ထဲမှာ တကယ်ပဲ အားထည့်ချင်လို့ တင်ပြတယ်လို့ပဲ ယူဆပါတယ်နော်။ အဲကြောင့်မို့ အဲဒီ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ကျနော်က အဖွဲ့ဝင်ပဲဖြစ်ပြီးတော့ ဒီကိစ္စရပ်တွေကို ကော်မရှင်အရ ကျနော် တင်ပြပေးပါမယ်။” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ပြောသည်

နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၏ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ရသေ့တောင် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းသုံးဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မဲရုံ ၈၆ ခုနှင့် မဲပေးခွင့်ရှိသူပေါင်း ၅၁၅၀၀ နီးပါးခန့် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly