တရားမဝင် မြေယာသိမ်းဆည်းမှုများအတွက် အစိုးရမှ နစ်နာမှုလျော်ကြေး ချက်ချင်းပေးသင့်ဟု ဆို

တရားမဝင် မြေယာသိမ်းဆည်းမှုများအတွက် အစိုးရမှ နစ်နာမှုလျော်ကြေး ချက်ချင်းပေးသင့်ဟု ဆို
HRW ဓါတ်ပုံဆရာ Patrick Brown ရိုက်ကူးခဲ့သည့် မြေသိမ်းခံ လယ်သမားဦး၏ ဓာတ်ပုံအား ရန်ကုန်၊ ဗိုလ်ကလေး ဈေးလမ်းရှိ ပန်သူရိယတွင် ပြသထားစဉ်

 

ရန်ကုန်၊ ဇူလိုင်လ ၁၇ ။           ။ တရားမဝင် မြေယာသိမ်းဆည်းမှုများအတွက် အစိုးရမှ ချက်ချင်းနစ်နာမှု လျော်ကြေးပေးသင့်ပြီး မြေသိမ်းခံ လယ်သမားများနှင့် အသေးစားမြေပိုင်ရှင်များ၏ ရပိုင်ခွင့်များကို ကာကွယ်သည့် ဥပဒေများကို ပြဋ္ဌာန်းသင့် ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အဆိုပါ အစီရင်ခံစာအား ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်း၊ ရန်ကုန်၊ ဗိုလ်ကလေးဈေးလမ်းတွင်ရှိသည့် ပန်သူရိယတွင် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲနှင့် ဓာတ်ပုံ ပြပွဲပါ ပြုလုပ်ခဲ့သည်။

ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် လွန်ခဲ့သည့် နှစ် ၃ဝ အတွင်း အစိုးရနှင့် တပ်မတော်အရာရှိများက လယ် သမားများထံမှ လယ်ယာမြေများစွာအား သိမ်းယူခဲ့ပြီး လုံလောက်သည့် လျော်ကြေးမပေးသဖြင့် လယ်သမား များအနေဖြင့် လုပ်ကိုင်စားသောက်နိုင်တော့ခြင်းမရှိဘဲ အခြေခံဝန်ဆောင်မှုများ နည်းပါးသွားကြောင်း ဖော်ပြ ပါရှိသည်။

“ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းမှာက အဆင်မပြေတဲ့အခါကျတော့ ဒီပြဿနာရပ်တွေကို ဖြေရှင်းတဲ့အခါမှာ လည်း စိန်ခေါ်မှုတွေ အများကြီးပဲရှိလာပါတယ်။ ရွာသူ၊ ရွာသားတစ်ယောက်အနေနဲ့ သူတို့က မြေယာကိုသိမ်းခံ ရတယ်။ ဒါကြောင့် တရားမျှတမှုပေးပါ။ တရားမျှတမှုပေးပါဆိုပြီး တောင်းဆိုတယ်ပေါ့။ ဒါပေမယ့် အစိုးရဘက် က သေချာတဲ့ လုံလောက်တဲ့ တုန့်ပြန်မှုတစ်ခုကိုလည်း မရလာဘူး။ ခရိုနီ ကုမ္ပဏီတွေ၊ နောက်တပ်မတော် ကလည်း မြေယာတွေသိမ်းတယ်။ သိမ်းပြီးတော့ ပြန်မပေးဘူးဆိုတဲ့ ဟာတွေလည်း မြင်တွေ့ရတာရှိတယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) မှ အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်စင် က ပြောသည်။

၁၉၉ဝ ခုနှစ်အစောပိုင်းကတည်းက အစိုးရက မြေဧက သိန်းပေါင်းများစွာအား သိမ်းယူခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြပါရှိသော်လည်း မြေယာတက်ကြွလှုပ်ရှားသူများက မြေဧက သန်းနှင့်ချီပြီး သိမ်းဆည်းခံထားရသည်ဟု ယူဆထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ဒီမှာ ပြဿနာက တာဝန်ခံမှုအရမ်းအားနည်းနေတယ်ဆိုတဲ့ အပိုင်းလည်းရှိတယ်။ အခုလက်ရှိမှာ ဆိုရင် အစိုးရက ဒီကိစ္စ၊ ဒီဖြစ်ရပ်တွေကို ဆောင်ရွက်ပေးဖို့အတွက်ကို ကော်မတီတွေဖွဲ့တယ်။ မူဝါဒရေးဆွဲပြီးတော့ တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်နေတာတွေရှိတယ်။ ဒါပေမယ့် ပြဿနာက ဘာလည်းဆိုရင် မြေယာ သိမ်းထားတာတွေကို ပြန်ပြီး မပေးကြဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပဲ အဓိက သက်ဆိုင်ပါတယ်" ဟု အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်စင်က ပြောသည်။

လယ်ယာမြေသိမ်းဆည်းမှုကြောင့် ထိခိုက်မှုအများဆုံးခံသူများမှာ ရှမ်းပြည်တောင်ပိုင်း၊ ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး မှ လယ်သမားများဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် လယ်ယာမြေပြန် လည်ရရှိရေး၊ ထိုက်သင့်သည့် လျော်ကြေးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း လယ်သမားများစွာကို ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအတွက် သုတေသနလုပ်ငန်းများကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံအတွင်းမှ လယ်သမား ၃၉ ဦး၊ မြေယာကျွမ်းကျင်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အလိုက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီများမှ အဆိုပါ လယ်ယာမြေ ပြသနာများကို ဖြေရှင်းရန် လုပ်ဆောင်နေကြသော်လည်း ဖြေရှင်းရန် ကိစ္စရပ်များစွာ ကျန်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly