ရေကြီးမှုကြောင့် ပြည်ပသီးနှံစျေးကွက်ပျက် စျေးနှုန်းလည်းတက်

ရေကြီးမှုကြောင့် ပြည်ပသီးနှံစျေးကွက်ပျက် စျေးနှုန်းလည်းတက်

ရန်ကုန်၊ စက်တင်ဘာ ၃ ။         ။ သြဂုတ်လအတွင်း မိုးကြီးရေလျှံမှုများကြောင့် လမ်းများ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ကာ ထိုင်းနိုင်ငံ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် သစ်သီးဈေး မြင့်တက်လာနေသည်ဟု ရန်ကုန်မြို့တွင်း သစ်သီးတင်သွင်းရောင်းချနေသူများက မဇ္ဈိမကို ပြောသည်။

"ယိုးဒယားဘက်က တရက်ခြားတခါဝင်တယ် ကားလမ်းဆက်သွယ်ရေးတွေလည်း ရေတွေကတက်တော့ အခြေနေက သိပ်မကောင်းဘူး။ တက်သွားတယ်။ အရင်ရက်ကရေမကြီးခင် ကလေးသောင်းကျော် ငါးသောင်းပဲရှိတယ်။ အခုဆိုရင် ငါးသောင်းကျော် ခြောက်သောင်းနီးပါးလောက် တက်သွားတယ်" ဟု ထိုင်းနိုင်ငံမှ သစ်သီးများကို ရန်ကုန်မြို့ သီရိမင်္ဂလာ ဈေးသစ်တွင် တင်သွင်းရောင်းချနေသူ မအိအိမွန်က ပြောသည်။

ထိုင်းနိုင်ငံ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ နဂါးမောက်သီးကဲ့သို့သော သီးနှံများ ရန်ကုန်မြို့ လှည်းတန်းဈေးသို့ တင်သွင်းရောင်းချနေသည့် မသင်းသင်းမာကလည်း ဆိုသည်။

"ယိုးဒယား ပစ္စည်းတွေကတော့ နဂိုကထက်စာရင် ဈေးတက်တာပေါ့နော်။ မြန်မာပြည်က ပစ္စည်းကတော့ ပုံမှန်ပါပဲ။ ပန်းသီးတို့၊နဂါးမောက်သီးတို့၊ စပျစ်သီးတိုပေါ့၊ တရုတ်သီးတွေကတော့ ပုံမှန်ပါပဲ။ ယိုးဒယားသီးကတော့ ဈေးတက်သွားတယ်" ဟုပြောသည်။

ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်းသို့ တင်ပို့ခြင်း၊ ပြည်တွင်းမှ သစ်သီးများကုန်သွယ်မှု ခက်ခဲခြင်းသာမက ပြည်တွင်းတွင် ကုန်သွယ်နေသည့် ဈေးကွက်ကိုလည်း ထိခိုက်နေသည်ဟု သီရိမင်္ဂလာဈေး သစ်မှ သရက်သီးကုန်သည် ဦးဆန်းဦးကဆိုသည်။

"ကုန်ဝင်အားနဲ့ ရန်ကုန်ရဲ့ ဖြုန်းလက်နဲ့ကျတော့ မမျှတော့ဘူး မမျှတော့ ဒီမှာအိုင်သွားတာပေါ့။ ခါတိုင်းနှစ်တွေကတော့ ဒီလိုပဲမိုးရွာလိုက် တိတ်သွားရင် ဈေးကွက်က ပြန်ကောင်းသွားတယ်။ ဒီနှစ်ကတောက်လျှောက် မိုးရွာလည်း ဒီလိုပဲကျန်တာပဲ ကုန်တွေကနေပူလည်း ကျန်တာပဲဘာဖြစ်လို့လဲဆိုတာ့ အဓိကဖြစ်တဲ့ မြစ်ဝကျွန်းပေါ်၊ မြိတ်၊ ထားဝယ် အဲ့ဒီဝယ်လက်တွေက ပျောက်သွားတာကိုး" ဟု ပြောသည်။

မြန်မာနိုင်ငံတစ်နှံတစ်လျား မိုးကြီး ရေလျှံမှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ဇူလိုင်လ ၃၁ ရက်တွင် ကြေညာခဲ့ရသည်။

ရေကြီးမှုများကြောင့် ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကရင်စသည့် တိုင်းနှင့် ပြည်နယ်အများစုတွင် ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားခဲ့ရာ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သီးသန့်ရန်ပုံငွေမှ ၈၄ ဒသမ ၄၄၄ ကျပ် သုံးစွဲခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly