အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အလှအပဆိုတာ ကျား၊မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေဖုံနေအောင်လိမ်း၊နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများနဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) နောက်ကျောအမွှေးအမျှင်များ ပေါက်ခြင်း

သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွှေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွှေးမရှိသလောက် နည်းလား၊ လုံးဝမရှိဘူးလား၊ အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွှေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွှေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။လေဆာနည်းပညာကို အသုံးပြုပြီး အမွှေးအမျှင်ရှင်းလင်းခြင်းဟာ အလွန်ထိရောက်တဲ့ နည်းလမ်းတခုဖြစ်တဲ့အပြင် ထိရောက်မှုအာနိသင်က တသက်တာလုံးအတွက် ဖြစ်ပါတယ်။ဒါပေမယ့် လေဆာနဲ့ အမွှေးအမျှင်ရှင်းခြင်းဟာ ငွေကုန်ကြေးကျများစေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားနဲ့ရိတ်ခြင်း၊ဖယောင်းရည် ဒါမှမဟုတ် ခရင်မ်အသုံးပြုပြီး အမွှေးအမျှင်ရှင်းလင်းခြင်း (waxing) စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အာနိသင်ကိုတော့ ရက်သတ္တပတ်အနည်းငယ်ကြာ ရရှိပါလိမ့်မယ်။

(၂) ဘီယာဗိုက်

နာမည်ကသာ ဘီယာဗိုက်လို့ ပေးထားပေမယ့် ဘီယာသောက်မှ ဗိုက်ပူတာတော့ မဟုတ်ပါဘူး။ အလှုပ်အရှားနည်းတာ၊ အဆီအဆိမ့်တွေစားတာ၊ အထိုင်များတာ၊ ဝက်သားတုတ်ထိုးတွေ စားတာ အစရှိတဲ့ အချက်တွေကလည်း သင့်ဗိုက်ကို ပူလာစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုရင်ဆိုင်ရလေ့ရှိပြီး ဗိုက်ပူခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း ပိုလာစေပါတယ် (ခါးဆိုဒ်လေးဆယ်ကျော်ရင် ပိုဆိုးပါသတဲ့)။ ဒါပေမယ့် သင်အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းပြန်လုပ်ရင် ဗိုက်အဆီတွေက အရင်ဆုံးကျပါသတဲ့ (သတင်းကောင်းပေါ့လေ)။

(၃) ချွေးအလွန်အကျွံထွက်ခြင်း

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးထွက်ပိုများတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တနေကုန်လက်ကိုင်ပုဝါလေး ထုတ်ထုတ်ပြီး သုတ်နေရရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊စိတ်ခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အလကားနေရင်ပဲဖြစ်ဖြစ် ချွေးအလွန်အကျွံထွက်နေရင် ပြဿနာပါ။ ချိုင်းကြား၊ခြေဖဝါး၊ လက်ဖဝါးတွေမှာ အဓိကထွက်လေ့ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(၄) မျက်နှာတခုလုံး သို့မဟုတ် နှာခေါင်းတခုတည်း ကွက်ပြီး နီရဲနေခြင်း

နေပူထဲကနေ ပြန်လာတာ၊ ဒါမှမဟုတ် အရက်သောက်ထားတဲ့သူတွေမှာ မျက်နှာနီရဲနေတာ မထူးဆန်းပါဘူး။အသားဖြူသူတွေမှာ ပိုလို့တောင် သိသာပါသေးတယ်။ ဒါပေမယ့် သင်ဟာ အရက်လည်း မသောက်တတ်ပါလျက်နဲ့ မျက်နှာကြီးတခုလုံး နီရဲနေမယ် ဒါမှမဟုတ် နှာခေါင်းတခုတည်းကွက်နီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါဟာ ရောဂါအခြေအနေ တချို့ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။

(၅) ထိပ်ပြောင်၊ထိပ်ကွက်ခြင်း

ဒီပြဿနာဟာလည်း အမျိုးသားတွေကို အထူးသဖြင့် ထိခိုက်စေပါတယ်။ အသက် ၃၅ကျော်လာတာနဲ့အမျှ သင့်ဆံပင်တွေ တဖြည်းဖြည်းပါးလာပြီး ထိပ်ပြောင်စပြုလာပါပြီ။ ဒါမှမဟုတ် ဆံပင်ဘေးလိုင်းနှစ်ခုက ပိုပါးလာပါပြီ။ မျိုးရိုးရှိသူတွေမှာ ပိုလို့တောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သင်ဟာ ထိပ်ပြောင်ထိပ်ကွက်ခြင်းကို မလိုလားသူ သက်လတ်ပိုင်းအမျိုးသားတဦးဆိုရင်တော့ ဆံပင်တွေ စတင်ပါးလာပြီဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

(၆) ကာလာဘလိုင်းဖြစ်ခြင်း

ဒီအမြင်အာရုံဆိုင်ရာပြဿနာဟာ အမျိုးသားတွေမှာ အဓိကဖြစ်ပွါးလေ့ရှိပြီး လူအများစုက နားလည်မှုလွဲမှားလေ့ရှိတဲ့ ပြဿနာတခုလည်း ဖြစ်ပါတယ်။ ကာလာဘလိုင်းလို့ဆိုလိုက်တာနဲ့ လောကကြီးကို အဖြူအမည်းရုပ်ရှင်ကားလို့ မြင်နေရတော့မှာပဲလို့ လူတွေက အမှတ်မှား၊ အယူမှားလေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ကာလာဘလိုင်းဆိုတာဟာ အရာရာကို အဖြူ၊အမည်းနဲ့သာ   မြင်နေရတာမျိုးမဟုတ်ဘဲ ဝါ၊စိမ်း၊နီဆိုတဲ့ ပင်မအရောင်သုံးရောင်ကို တိကျစွာ မခွဲခြားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ မွေးရာပါရောဂါတမျိုးဖြစ်ပြီး ကုသလို့လည်း မရတဲ့အတွက် ကျင့်သားရသွားအောင် လုပ်ဖို့သာ ရှိပါတယ်။

(၇) ခန္ဓာကိုယ်အနံ့အသက်ဆိုးခြင်း

အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ထားတဲ့အချိန်နဲ့ တနေကုန်လှုပ်ရှားသွားလာထားချိန်တွေမှာ သင့်တကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး အနံ့အသက်တွေလည်း ဆိုးနေနိုင်ပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ဒီလို အနံ့အသက်ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးတွေကြောင့် မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွါးများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ   ဖြစ်ပါတယ်။ ရေပုံမှန်ချိုးပေးခြင်း၊ မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ ဘက်တီးရီးယားပွါးများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ဒါတွေနဲ့ မရဘူးဆိုရင်တော့ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငါးပိစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရပါမယ်။

(၈) လိင်မှုရေးရာပြဿနာများ

ထုတ်မပြောကြပေမယ့် အမျိုးသားတွေရဲ့ သုံးပုံတပုံဟာ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း အစရှိတယ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆီးချို၊နှလုံး၊အာရုံကြောဆိုင်ရာပြဿနာများ၊   ဆေးလိပ်သောက်ခြင်း၊ သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ အပါအဝင် အချို့သော ဆေးတွေဟာ ဒီပြဿနာတွေရဲ့ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၉) ဆီးကြိတ်ရောင်ခြင်း

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ပါးရေနားရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းစတာတွေကို ရင်ဆိုင်ရမယ့်အပြင် ဆီးကြိတ်ရောင်ခြင်းကိုလည်း ကြုံတွေ့ရဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ဒီလို ဆီးကြိတ်ရောင်ရမ်းခြင်းဟာ အသက်၇၅နဲ့အထက် အမျိုးသားတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပွါးလေ့ရှိပါတယ်။ ဆီးကြိတ်ကြီးလာတဲ့အခါ ဆီးအိမ်လည်တံအစွန်ကို ပိုမိုဖိညှစ်လာတာကြောင့် သင့်အနေနဲ့ ဆီးမကြာခဏသွားချင်လာပါတယ်။ ဒီပြဿနာ (ဆီးကြိတ်ရောင်ရမ်းခြင်း)ကို ကုသပေးနိုင်တဲ့၊ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက ကြီးငယ်မဟူ အမျိုးသားတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။အချို့ပြဿနာတွေဟာ လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊မိမိလက်တွဲဖော်ချစ်သူနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ် ရှက်စရာကောင်းတာမို့ ကြိုတင်ကာကွယ်သင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly