နီကာရာဂွါအစိုးရတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ဆယ်ဦးသေဆုံး

နီကာရာဂွါအစိုးရတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ဆယ်ဦးသေဆုံး

မနာဂွါ၊ ဇူလိုင် ၁၇ ။                               ။ နီကာရာဂွါမှာ အစိုးရထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့ မာဆာယာမြို့တွင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေကို ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေက အသုဘချသဂြိုလ်ကြပါတယ်။

နိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၁၅ ရက်က အစိုးရတပ်တွေရဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ရာမှာ လူ ဆယ်ဦးသေဆုံးပြီး ၂၀ ဝန်းကျင် ဒဏ်ရာရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေမှာ ကလေးနှစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးနဲ့ ရဲ လေးဦး ပါဝင်တယ်လို့ နီကာရာဂွါ လူ့အခွင့်အရေးဆိုင်ရာ အသင်း ANPDH က ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို အစိုးရ ထောက်ခံတဲ့ ရဲနဲ့ လက်နက်ကိုင်အကူတပ်တွေက မာဆာယာမြို့မှာ ပစ်မှတ်ထား ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

“မြို့တွင်း နေရာတွေမှာ လက်ဖြောင့်တပ်သားတွေ ရောက်နေတယ်။ အရပ်သားတွေကို အိမ်တွေထဲမှာပဲ အကာအကွယ်ယူထားဖို့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။”လို့ ANPDH ရဲ့ အကြီးအကဲ လီဗာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ သမ္မတ အော်တေဂါက ဝန်ထမ်းပင်စင်နဲ့ လူမှုဖူလုံရေးကြေးတွေ လျှော့ချတဲ့ ဥပဒေ အတည်ပြုချိန်ကစပြီး အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်ပေမယ့် ဆန္ဒပြပွဲတွေဟာ ကျယ်ပြန့်လာပြီး သမ္မတ နုတ်ထွက်ရေး တောင်းဆိုဖိအားပေးလာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags