ရခိုင်တွင် တာတမံတစ်ခု ကျိုးပေါက်၍ လယ်ဧက ၆၀၀ ကျော် ပျက်စီး

.

 ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာမှ ကျိုးပေါက်သွားသော ငါးပိထုပ်တာတမံကို တွေ့ရစဉ် (ဓာတ်ပုံ - CJ)

ပုဏ္ဏားကျွန်း၊ ဇူလိုင်လ ၁၆ ရက်။            ။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ရက်တချို့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်း ကျေးရွာအုပ်စုရှိ ငါးပိထုပ် တာတမံမှာ ကျိုးပေါက်ကာ ဆားငန်ရေများ ဝင်ရောက်လာမှုကြောင့် လယ်ဧက ၆၀၀ ကျော်မှာ ရေနစ်မြှပ်၍ ပျက်စီးခဲ့ရသည်။

အဆိုပါ ငါးပိထုပ် တာတံမ ကျိုးပေါက်သွားသည့် နေရာမှာ ပေါက်တူးချောင်းအပေါ်ဖက် ပေ ၅၀ ခန့်လောက်တစ်နေရာနှင့် နောက်ထပ် ပေ ၂၀ကျော် ၃၀ ဝန်းကျင်ရှိ  ကျိုးပေါက်နေသည့် နေရာ ၂ ခုလောက်ရှိသည်ဟု ဆိုသည်။

“မိုးရာသီမှာ စပါးစိုက်လို့မရရင် တစ်နှစ်အတွက် နစ်နာတယ်လေ။ ဒီလို တစ်နှစ်စိုက်လို့မရရင် ကျနော်တို့မှာ စိုက်ဘဏ်က ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်တဲ့အခါ စပါးမစိုက်ရရင် ပြန်ဆပ်ဖို့ အခက်ခဲဖြစ်သွားမယ်ဆိုတာ ပြောချင်ပါတယ်။ ဒီတာတမံဟာ သူတို့ ဆည်ဖို့လို့ မပြီးစီးခဲ့လို့ ပေါက်သွားတာဖြစ်တယ်။ သူတို့ ထားခဲ့ကတည်းက ပေါက်နေတာ ဖြစ်တယ်။”ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

အဆိုပါ ငါးပိထုပ် တာတမံမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီက ငွေကျပ်သိန်းပေါင်း နှစ်ထောင့်ခုနစ်ရာကျော် ကုန်ကျခံကာ စစ်တွေအခြေစိုက် သန္တာမြေ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက် ဆည်ဖို့ရန် ပေပေါင်း ၆၀၀၀ ကျော် ကျန်ရှိနေသေးသည်။

ယင်းသို့ တာတမံ ကျိုးပေါက်ပြီး လယ်မြေများကို ချောင်းရေများ ဖုံးလွှမ်းခဲ့ခြင်းကြောင့် လယ်ဧက ၆၀၀ ကျော်ပျက်စီးခဲ့ပြီး လယ်သမား ၁၀၀ နီးပါးခန့်မှာ လယ်မလုပ်ရဘဲ အခက်အခဲ ကြုံနေကြရသည်။

ယင်းကိုတောင်သူ လယ်သမားများက လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးနှင့် မွေးမြူရေး ဝန်ကြီး ဦးကျော်လွင်အပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို ကိုယ်တိုင်သွားရောက်ပြီး အကျိုးအကြောင်း ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထူးကြားမှုမရှိသေးဟု ဒေသခံများက ပြောသည်။

အဆိုပါ ကျိုးပေါက်သွားသည့် တာတမံ အပေါက်များကို အစိုးရနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အလျင်အမြန် ပြုလုပ်စေချင်ကြောင်း သင်းပုန်းတန်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးကံကြီးအောင်က ပြောသည်။

“ကျနော်တို့က နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့က ပြန်လုပ်ပေးစေချင်ပါတယ်။ ဒါမှ တောင်သူလယ်သမားတွေဟာ ဒုက္ခက လွတ်မြောက်မယ်။ ဒါမှမဟုတ်ရင်တော့ တောင်သူတွေ အရမ်းဒုက္ခ ရောက်ကြမှာပါ။ လယ်မလုပ်ဘဲ ငါးရှာ၊ ပိုက်ချလုပ်မယ်ဆိုရင်လဲ အရင်းအနှီးက မလွယ်ဘူးလေ။”ဟု ရပ်မိရပ်ဖ ဦးကံကြီးအောင်က ပြောသည်။

ယခုကျိုးပေါက်ခဲ့သည့် ငါးပိထုပ် တာတမံသည် ပေပေါင်း ၁၈၆၀၀ အရှည်ရှိပြီး လက်ရှိမှာ အရှည်ပေ ၁၂၀၀၀ ခန့်လောက်သာ တည်ဆောက်ပြီးစီးသေးကာ နောက်ထပ်ပေပေါင်း ၆၀၀၀ ကျော်ခန့် တည်ဆောက်ရန် ကျန်ရှိ နေသေးသည်။

လက်ရှိမှာ ကျိုးပေါက်သွားသည့် တာတမံအပေါက်များကို ပြန်ဆည်ရန် မိုးရာသီကာလ ဖြစ်နေ၍ စက်ယန္တရားများ သွားလာရန် အခက်ခဲဖြစ်နေသည့်အတွက် လုပ်ပေးရန် အဆင်မပြေသေးဘဲ ပွင့်လင်းရာသီရောက်မှ ကုမ္ပဏီနှင့် ညှိနှိုင်းပြီး ပြန်လည် ပြုပြင်ရမည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပြောသည်။

 “အဲဒီတာတမံက အကုန်လုံး မပြီးသေးဘူး။ အမှန်တကယ် တည်ဆောက်ဖို့က ပေ ခြောက်ထောင်ကျော်လောက် ကျန်သေးတယ်။ ဒါကိုလဲ နောက်နှစ် ဘတ်ဂျတ်မှာ ထပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ အခု မိုးတွင်းရာသီဆိုတော့ ကျိုးပေါက်သွားတဲ့နေရာကို သွားလုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကို ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့ ပွင့်လင်းရာသီမှ လုပ်ရမယ်။”ဟု ဝန်ကြီး ဦးကျော်လွင်က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်း ကျေးရွာအုပ်စုတွင် သင်းပုန်းတန်းကျေးရွာနှင့် ကုလားဘာကျေးရွာ (၂) ရှိပြီး ဒေသခံ အများစုမှာ အဆိုပါ ငါးပိထုပ် တာတမံကို အမှီပြု၍ လုပ်ကိုင် စားသောက်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် ငါးပိထုပ် တာတမံ ကျိုးပေါက်ပြီး လယ်ဧကပေါင်းများစွာ ပျက်စီးသွားသည့်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှာ ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေကို ပြန်ဆပ်မည့်အခါ   တောင်သူများအနေဖြင့် အခက်အခဲများစွာ ဖြစ်လာနိုင်သည်ဟု ပျက်စီးလယ်မြေပိုင်ရှင်များက ပြောသည်။