ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များအား မာစီဒီးကားများ စီးနင်းခွင့်ပြု

ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များအား မာစီဒီးကားများ စီးနင်းခွင့်ပြု

ဇူလိုင် ၁၆ ။           ။ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအတွက် အဆောင်အယောင်ယာဉ်အဖြစ် မာစီဒီးကားများ စီးနင်းခွင့် ပြုခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဇူလိုင်လ ၁၆ ရက် တွင် မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ပြည်နယ်တိုင်းအစိုးရ ဝန်ကြီးချုပ်တွေအတွက်လည်း အဆောင်အယောင်ယာဉ်အဖြစ် မာစီဒီးကားတွေကို ခွင့်ပြုပေးခဲ့တယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ် အားလုံးအတွက်ပါ”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းက ၂၀၁၈-၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထား ချက်) တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးများ၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ဖို့ဒ်ကား ၁၀ စီး ဝယ်ယူရေး တင်ပြခဲ့သော်လည်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ကန့်ကွက်ခဲ့သည်။

ယင်းနောက် ဇူလိုင်လထဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအတွက် အဆောင်အယောင်ယာဉ် အဖြစ် မာစီးဒီးကားများ စီးနင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

စီမံဘဏ္ဍာအနေဖြင့် ဖမ်းဆီးရမိသော ကားများကိုလည်း ပြည်နယ်နဲ့တိုင်းသို့ ခွင့်ပြုချက်ယူပြီး ခွဲဝေပေးခြင်းမျိုး ရှိကြောင်း သိရသည်။

“ နိုင်ငံကို လာတဲ့ဧည့်သည်တွေ အာဆီယံအစည်းအဝေးရှိလို့ လာတာမျိုးတို့၊ အားကစားပြိုင်ပွဲ၊ အာဆီယံပွဲတို့ လိုမှာ သုံးတဲ့ ဧည့်ကားလို့ ခေါ်တဲ့ကားတွေ ပါဝင်မယ်။ နောက်ပြီး တစ်ခါတစ်ရံမှာ ဖမ်းဆီးထိန်းသိမ်းကားလို့ ခေါ်တဲ့ ဥပဒေနဲ့မညီဘဲ လိုင်စင်မဲ့သွင်းလာတဲ့ဟာတွေ၊ အဲဒီလို သွင်းလာတဲ့ကားတွေထဲကနေ ဖမ်းဆီးရမိတဲ့ အခါမှာ ဗဟိုကိုအပ်တဲ့ ကားတွေရှိတယ်။ တစ်ချို့ကျတော့လည်း ပြည်နယ်နဲ့တိုင်းမှာ ခွင့်ပြုချက်ယူပြီး ခွဲသုံးတာတွေလည်း ရှိတယ်။ အဲဒီကားတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို သူတို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ သမ္မတရုံးကို စာရင်းနဲ့တကွ တင်ပြခွင့်ပြုချက် ရယူပြီးတော့ စာထုတ်ပြီး ခွဲပေးတယ်” ဟု  ဦးထွန်းထွန်းနိုင်က ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဖို့ဒ်ကားဝယ်ယူရန် တင်ပြခဲ့စဉ် လွှတ်တော်ကိုယ်စားလှယ်များအပြင် လူအများစုက ဝေဖန်ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly