ပေကျင်း၊ ဇူလိုင် ၁၆ ။ ။ ဥရောပသမဂ္ဂ အီးယူနဲ့ တရုတ်တို့ကြား ထိပ်သီးအစည်းအဝေး အပြီးမှာ အီးယူဥက္ကဌဖြစ်သူက အမေရိကန်၊ ရုရှနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ရှောင်ကြဉ်ကြပြီး WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ကြရန် ဇူလိုင် ၁၆ ရက်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ပေကျင်းမှာ အကြိမ် ၂၀ မြောက် အီးယူ-တရုတ် ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်ပွဲ ပြုလုပ်ရာမှာ ဥက္ကဌ ဒေါ်နယ်တက်က တစ်ကမ္ဘာ့လုံးဆိုင်ရာ ပြဿနာကိစ္စရပ်တွေကို ကမ္ဘာ့ခေါင်းဆောင်တွေက ဘုံဖြေရှင်းမှုဖြင့် ကြိုးပမ်းသင့်ကြောင်းကို ဖင်လန်နိုင်ငံမှာ ဇူလိုင် ၁၆ ရက်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှသမ္မတ ပူတင်တို့ ထိပ်သီးစည်းဝေးနေမှုကို ထောက်ပြပြီး ပြောဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ မျက်စိရှေ့လေးမှာပဲ ကမ္ဘာ့ဗိသုကာပုံစံဟာ ပြောင်းလဲလျက် ရှိနေပါတယ်။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်ဖို့ဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘုံတာဝန်ပဲ ဖြစ်ပါတယ်။”ဆိုပြီး တက်က ဆိုပါတယ်။
“ဒါဟာ ဥရောပနဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှတို့အတွက် ဘုံတာဝန်ပါ။ ဖျက်ဆီးဖို့ မဟုတ်ဘဲ တိုးတက်ကောင်းမွန်အောင် လုပ်ကြဖို့ပါ။ ကျွန်တော်တို့ သမိုင်းမှာ ပူလောင်တဲ့ ပဋိပက္ခတွေအဖြစ် ပြောင်းလဲဖူးတဲ့ ကုန်သွယ်ရေးစစ်ကို မစကြပါနဲ့။ စည်းမျဉ်းတွေကို အခြေတည်ထားတဲ့ နိုင်ငံတကာစနစ်ကို သတ္တိရှိရှိ တာဝန်ခံပြီး ပြုပြင်ပြောင်းလဲကြပါ။” လို့လည်း ၎င်းက ပြောပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ပူးတွဲလုပ်ငန်းစဉ် ဖွဲ့စည်းရေးကို အီးယူနဲ့ တရုတ်နိုင်ငံတို့ သဘောတူခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ ထရမ့်နဲ့ ပူတင်တို့ ပူးပေါင်းပါဝင်ဖို့ကိုလည်း တက်က တိုက်တွန်းလိုက်ပါတယ်။