အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမှုဖွင့်

အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမှုဖွင့်

ဇူလိုင် ၁၆ ။           ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ  အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ၁၂ ဦးကို မော်တော်ယာဉ်ကိစ္စများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ကော်မရှင်မှ အမှုဖွင့် အရေးယူထားကြောင်း ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ဆိပ်ကမ်းမှ ပစ္စည်းများထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားမှုအား စစ်ဆေးရာမှ ယင်းသို့ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်နှင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပစ္စည်းထုတ်ယူရခြင်းတို့တွင် အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်းများ ရှိနေသည်ဟု တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားစာအရ ပထမအကြိမ်တင်သွင်းသော Delivery Van ၃ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို လေလံပယ်ဖျက် ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက်အကောက်ခွန်မှူးနှင့် ဒုလက်ထောက် အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည်။

ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ အမှုဖွင့်အရေးယူခဲ့သည်။

Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျအကောက်ခွန် ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများက အဂတိ လိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှွန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း တိုင်ကြားခဲ့သည်။

ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်းတွင် ဇူလိုင်လ ၁၆ ရက်နေ့ က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly