ကိုယ့်ကိုယ်ကို သတ်သေတော့မလို့ လား

ကိုယ့်ကိုယ်ကို သတ်သေတော့မလို့ လား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

‘မိမိကိုယ်ကို သတ်သေခြင်း’ တဲ့။ ရခဲလှတဲ့ လူ့ဘဝ (တနည်း) အသက်တချောင်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း အသက်ဆက်နေသူတွေရှိသလို ဘဝကို လက်လျှော့အရှုံးပေးပြီး အဆုံးသတ်ချင်သူတွေလည်း ရှိနေတာ ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာမှ ပိုထူးဆန်းတာက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားပြီး ငွေကြေး၊အောင်မြင်မှုစသဖြင့် လူတိုင်းအားကျလောက်အောင် ပြည့်စုံကြွယ်ဝသူတွေလည်း ပါဝင်နေတာ အံ့ဩစရာပါပဲ။ သမိုင်းတလျှောက် နာမည်ကျော်သတ်သေမှုတွေ ရှိခဲ့ပေမယ့် အမေရိကန်ဟာသမင်းသားကြီး ရော်ဘင်ဝီလျံ နဲ့ လည်ပင်းကြောကြီးတွေထောင်အောင် သီဆိုတတ်တဲ့ Linkin park အဆိုတော် ချက်စတာတို့ရဲ့ သေကြောင်းကြံစည်မှုတွေကတော့ ဒီဘက်နောက်ပိုင်းမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ရသလို အားလုံးလည်း နှမြောတသဖြစ်ခဲ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း နာမည်ကျော် brand ဖြစ်တဲ့ ကိတ်စပိတ်ရဲ့ မူလတည်ထောင်သူ အမျိုးသမီးဒီဇိုင်နာ ကိတ်စပိတ် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါသေးတယ်။ အရွယ်အားဖြင့် အရွယ်ကောင်းဖြစ်တဲ့အပြင် အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ အောင်မြင်ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှု အားလုံးပြည့်စုံနေပါရက်နဲ့ ဘဝတခုကို အဆုံးသတ်ရလောက်အောင် ဘယ်အရာတွေကများ လှုံ့ဆော်ပေးခဲ့ပါသလဲ (ရော်ဘင်ဝီလျံကတော့ အသက်ကြီးပြီလို့ ပြောလို့ရပါတယ်)။ Depression လို့ခေါ်တဲ့ စိတ်ကျဝေဒနာဟာ မိမိကိုယ်ကို သတ်သေခြင်းအတွက် အဓိကလက်သည်တရားခံလို့ အားလုံးက လက်ညှိုးထိုးကြပါတယ်။ အခုဆောင်းပါးလေးမှာတော့ suicide ဆိုတဲ့ အိပ်မက်ဆိုးကြီး မမက်မိစေဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေကို ပြောပြချင်ပါတယ်။

(၁) ဘယ်အကြောင်းအရာကြောင့် သတ်သေမှာလဲ။

အရာအားလုံးဟာ အကြောင်းရင်းခံဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ သတ်သေချင်တဲ့ အတွေးတွေပေါ်နေပြီဆိုရင် ငါဘာလို့ သတ်သေချင်တာလဲဆိုတာကို စဉ်းစားပါ။ စိတ်ဓာတ်ကျလို့ သတ်သေချင်တာတော့ ဟုတ်ပါပြီ။ ဘာကြောင့် စိတ်ဓာတ်ကျတာလဲ။ ပြဿနာရဲ့ ရေသောက်မြစ်က ဘာလဲဆိုတာကို စဉ်းစားပါ။ တခါတလေမှာ ကျွန်တော်တို့ဟာ အတွေးလွန်နေတတ်ပါတယ်။ အဖြေမရှိတဲ့ မေးခွန်းတွေမှာ ပိတ်မိနေတတ်ပါတယ်။ ဒီလို အနေအထားမျိုးမှာ လက်မြှောက်အရှုံးပေးတဲ့ နည်းလမ်းကို ရွေးချယ်မယ့်အစား လူသားတယောက်ရဲ့ အားမာန်ကို ပြသပါ။   ပြဿနာကို ရေဆုံးရေဖျား ဖြေရှင်းပါ။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘဝ ငယ်ရွယ်စဉ်အချိန်က ဆရာမ ပေးလိုက်တဲ့အိမ်စာမပြီးတာမျိုး၊ စာအုပ်မေ့ကျန်ခဲ့တာမျိုး ဖြစ်တဲ့အခါ   သေအောင်ကြောက်ပါတယ်၊ အတန်းထဲကနေ အမြန်ဆုံးထွက်ပြေးချင်ပါတယ်။ အဲ့ဒီ့အချိန်က ကြောက်တဲ့ခံစားချက်ကို လူတိုင်းကြုံဖူးမှာပါ။ ဒါပေမယ့် အခုအရွယ်ရောက်ချိန်မှာ အဲ့ဒီ့ကိစ္စကို ပြန်စဉ်းစားလိုက်ရင် ဟာသဖြစ်နေမှာပါ။ ကိစ္စအတော်များများဟာ ဒီလိုပါပဲ။ လက်ရှိအချိန်မှာ အကြီးကြီးဖြစ်နေတယ်လို့ ထင်ရတဲ့ ပြဿနာတခုဟာ နောင်တချိန်ပြန်တွေးတဲ့အခါ ဘာမှမဟုတ်တော့ပါဘူး။ ဒါကြောင့် ပြဿနာကို ပုံကြီးချဲ့မတွေးဘဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသာ အာရုံစိုက်ပါ။

(၂) အရက်သေစာနဲ့ မူးယစ်ဆေးဝါးကို ရှောင်ကျဉ်ပါ။

မကောင်းတဲ့အရာကြီးကို ဘာလို့လုပ်နေမှာလဲ ….. ဒီလိုပြောလေ့ရှိပါတယ်။ဒါပေမယ့် လုပ်တဲ့သူတွေကလည်း ကောင်းလို့လုပ်တာနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရက်နဲ့မူးယစ်ဆေးဝါးတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးမပြုတာတော့ သေချာပါတယ်။ အရက်ကြောင်တဲ့အချိန်မျိုး၊ဆေးကြောင်နေတဲ့အချိန်မျိုးမှာ လူဟာ ဘာမဆိုလုပ်တတ်ပါတယ်။ သူများကို သတ်ဖို့ဝန်မလေးသလို ကိုယ့်ကိုယ်ကို သတ်သေဖို့လည်း မတွန့်ဆုတ်ပါဘူး။ Hallucination လို့ခေါ်တဲ့ ကယောင်ကတမ်း မြင်ယောင်၊ကြားယောင်နေတဲ့ အာရုံတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတာမျိုး ဖြစ်နိုင်တဲ့အတွက် အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေဟာလည်း ဘဝကူးကြောင်း အထောက်အပံ့တွေပါ။လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၃) ရင်ဖွင့်ပါ။

လူဟာပေါင်းသင်းဆက်ဆံရေးသတ္တဝါပါ။ခရီးဆောင်အိတ်ထဲ အဝတ်တွေသွတ်ထည့်သလို သင့်ခံစားချက်တွေကို အတွင်းထဲမှာပဲ စုပြုံပိတ်လှောင်ထားလို့ မရပါဘူး။အချိန်တခုရောက်ရင် ပေါက်ကွဲထွက်ကုန်ပါလိမ့်မယ်။ဒီလို ပေါက်ကွဲထွက်တဲ့အချိန်ရောက်ရင် အခြားသူတွေကိုရော၊မိမိကိုယ်ကိုပါ အန္တရာယ်ရှိပါတယ်။ဒါကြောင့် သင့်ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပါ။ရင်ဖွင့်ပါ။မိတ်ဆွေအပေါင်းအသင်း၊မိဘဆွေမျိုး၊ချစ်သူရည်းစားလင်မယား၊ညီအစ်ကိုမောင်နှမ ဘယ်လိုလူမျိုးကိုပဲဖြစ်ဖြစ် (သင်ယုံကြည်ရသူ၊ချစ်ခင်ရသူဆိုရင်) ရင်ဖွင့်ပါ။ဗိုက်ထဲအရမ်းပြည့်လာတဲ့အခါ အန်ထုတ်လိုက်ရင် သက်သာသွားသလိုမျိုး သင့်ခံစားချက်တွေကို ရင်ဖွင့်ထုတ်လိုက်တဲ့အခါ အများကြီးနေလို့ကောင်းသွာတာကို တွေ့ရပါလိမ့်မယ်။အဆိုတော် ချက်စတာဆိုရင်လည်း သူစိတ်ဓာတ်ကျနေကြောင်းကို ရေဒီယိုအင်တာဗျူးတွေမှာ ရိပ်ဖမ်းသံဖမ်းပြောခဲ့ဖူးသလို သူ့သီချင်းတွေမှာလည်း အရိပ်အရောင်တွေ တွေ့မြင်နိုင်ပါတယ်။ချမ်းသာကြွယ်ဝအောင်မြင်ကျော်ကြားရှာတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး ချက်စတာဟာ ရင်ဖွင့်စရာ မိတ်ဆွေတော့ ဆင်းရဲရှာပုံရတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်။

(၄) အကောင်းမြင်ပါ။

ဘယ်အရာကိုမဆို အကောင်းဖက်က မြင်ပါ။ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတာကို နှလုံးသွင်းပါ။တတ်နိုင်သမျှ စိတ်ကောင်းထားပါ။သင့်ထက်နိမ့်ပါးသူတွေကို ကရုဏာထားပါ။ တန်းတူတွေကို မုဒိတာပွါးပါ။ချစ်သူခင်သူတွေကို မေတ္တာပေးပါ။မုန်းသူ၊ကြည့်မရသူတွေကိုလည်း မေတ္တာပေးကြည့်ပါ။ဘယ်လိုမှ မရနိုင်ရင်တောင် ဥပေက္ခာပြုလိုက်ပါ။ဒါဆိုရင် သင်အများကြီး နေပျော်သွားပါလိမ့်မယ်။

(၅) ငါဟာ အသုံးဝင်တဲ့သူတယောက်ဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်ပါ။

မိမိကိုယ်ကို အသုံးမဝင်၊အရေးမပါ၊ဘယ်သူကမှ အလိုမရှိတော့တဲ့ လူတယောက်အဖြစ် ရှုမြင်သုံးသပ်လိုက်မိခြင်းဟာလည်း သတ်သေရခြင်းရဲ့ ထိပ်တန်းအကြောင်းရင်းတခုပါ။ဒါကြောင့် သင်ဟာ အရေးပါနေဆဲ၊အရာရောက်နေဆဲ၊သင့်ကို လိုအပ်သူတွေ ရှိနေဆဲဆိုတဲ့ ခံယူချက်ကို ရဲရဲကြီး နှလုံးသွင်းပါ။ချစ်သူ/အိမ်ထောင်ဖက်မရှိဘူးလား၊သူငယ်ချင်း ရှိပါလိမ့်မယ်။သူငယ်ချင်းတောင် မရှိဘူးလား၊သင့်မိဘတွေရှိပါလိမ့်မယ်။မိဘတွေ မရှိတော့ဘူးလား၊သင်အိမ်ပြန်လာမှာ စောင့်နေတဲ့ ချစ်စဖွယ်ခွေးကလေး၊ကြောင်ကလေးတကောင်ရှိနေပါဦးမယ်။ခွေးတွေ၊ကြောင်တွေ မမွေးထားဘူးလား၊ဟုတ်ပြီ ပရဟိတလုပ်ပါ။အားနည်းနေသူတွေ၊ဒုက္ခရောက်သူတွေကို ကူညီပါ။သင်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေထက် ပိုဆိုးတဲ့အနေအထားတွေကို ရင်ဆိုင်နေရသူတွေ ရှိနေသေးကြောင်း သင်သိလာမှာဖြစ်တဲ့အပြင် လူသားပိုဆန်လာပါမယ်။လူပိုပီသလာပါမယ်။သင့်ကို လိုအပ်သူတွေရှိနေဆဲ၊တစုံတယောက်အတွက် သင်လုပ်ပေးနိုင်တာတွေ ရှိနေဆဲဆိုတဲ့ ခံစားမှုမျိုးကို ပြန်ရလာပြီး သတ်သေချင်တဲ့ အတွေးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဘောလီးဝုဒ်ရဲ့ ဂန္တဝင် classic တခုလို့တောင် ပြောနိုင်တဲ့ “ Three Idiots” ရုပ်ရှင်ကားကို အတော်များများ ကြည့်ဖူးပါလိမ့်မယ် (မကြည့်ဖူးရင်လည်း ကြည့်ကြည့်ပါ။ရင်ထဲတခုခု ကျန်ခဲ့ပါမယ်)။မိမိဝါသနာပါရာကို မလုပ်ရဘဲ မိဘအလိုကျ အင်ဂျင်နီယာအလုပ်ဇောက်ချလုပ်ရတော့မှာမို့ စိတ်ညစ်ပြီး သတ်သေသွားမှာစိုးတဲ့အကြောင်း မိခင်က သူ့သားကို ပြောတဲ့အခါ ဇာတ်ဆောင် ‘ဖာဟန်’ ပြန်ပြောတဲ့ စကားလေးနဲ့ ဒီဆောင်းပါးလေးကို အဆုံးသတ်ချင်ပါတယ်။သူက ဘာပြောသလဲဆိုတော့ ဒီလိုသတ်သေမှာစိုးလို့ သူ့သူငယ်ချင်းက သူ့ပိုက်ဆံအိတ်ထဲကို မိဘနှစ်ပါးရဲ့ ဓာတ်ပုံထည့်ပေးထားပါတယ်တဲ့။သူသတ်သေတဲ့ သတင်းကြားရတဲ့အခါ မိဘတွေရဲ့ ပြုံးနေတဲ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာလေးကို တွေးမြင်ကြည့်ဖို့ပါတဲ့။ဒါကြောင့် ကိုယ်ဟာ စိတ်အားငယ်တတ်၊စိတ်ဓာတ်ကျတတ်တယ်၊သတ်သေချင်တဲ့အတွေးတွေ မကြာခဏဖြစ်ပေါ်တတ်တယ်ဆိုရင် ပိုက်ဆံအိတ်ထဲမှာပဲဖြစ်ဖြစ်၊ကားထဲမှာပဲဖြစ်ဖြစ်၊ဖုန်း wall paper အနေနဲ့ပဲဖြစ်ဖြစ် ကိုယ်ချစ်ရ၊ခင်ရ၊မြတ်နိုးရဆုံးသူ (တွေ)ရဲ့ ဓာတ်ပုံလေးကို အမြဲသိမ်းထားပါ။သတ်သေချင်တဲ့ အတွေးတွေပေါ်လာတိုင်း ဒီပုံလေးကို ထုတ်ကြည့်ပါ။သင်သာသတ်သေသွားရင် သူတို့ဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်၊မြင်ယောင်ကြည့်ရင်း အားတင်းပါ။ဘဝကို အရှုံးမပေးပါနဲ့လို့ ပြောလိုက်ပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly