အထည်ချုပ်လုပ်ငန်းများတွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု အများဆုံးကြံုတွေ့နေရ

အထည်ချုပ်လုပ်ငန်းများတွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု အများဆုံးကြံုတွေ့နေရ

ဇူလိုင် ၁၆။ ။ အထည်ချုပ်လုပ်ငန်းများတွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု အများဆုံးကြုံတွေ့နေရကြောင်း ကျား၊မ ရေးရာနှင့်လုပ်ငန်းခွင်အသိပညာပေးအစီအစဉ်လုပ်ငန်းအဖွဲ့ဝင် မခခ က ပြောဆိုလိုက်သည်။

ဇူလိုင် ၁၆ရက် Orchid ဟိုတယ်တွင်ပြုလုပ်သည့် "ကျား၊မ ရေးရာနှင့်လုပ်ငန်းခွင်အသိပညာပေး အစီအစဉ် " ခေါင်းစဉ်ဖြင့် ပြုလုပ်သော သတင်းမီဒီယာများအား အသိပေးမိတ်ဆက်ခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လုပ်ငန်းခွင်ထဲမှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေ ဖြစ်နေတယ်။ အဆိုးရွားဆုံး ကျား၊မ အခြေပြု အကြမ်း ဖက်မှုဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေဟာ အခုအထည်ချုပ်ကဏ္ဍတွေမှာ အရမ်းကိုဖြစ်နေ တယ်" ဟု မခခ ကပြောသည်။

လက်ရှိ အထည်ချုပ်လုပ်ငန်းခွင်တွင် အုပ်ချုပ်နေသည့် ခေါင်းဆောင်ပိုင်းအလိုက်မှ အမျိုးသမီး အချင်းချင်း ဆဲဆိုခိုင်းစေမှုများ၊ မဖွယ်မရာပြောဆိုခြင်းများ၊ စက်ပြင်ဆရာမှ အမျိုးသမီးအလုပ်သမားများကို မဖွယ်မရာ ပြောဆိုမှုများစသဖြင့် ကြုံတွေနေရကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွင် ကိုယ်ခန္ဓာတွင်ပါဝင်သည့် အင်္ဂါတစ်ခုခုဖြင့် ပြုမှုဆက်ဆံခြင်း မျိုးကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမလိုလားအပ်ဘဲ မနှစ်မျို့မှုများ ဖြစ်ပေါ်လျှင်လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုအဖြစ် အဓိပ္ပါယ်ဖွင့်ဆို၍ရနိုင်ကြောင်း သိရသည်။

"အမျိုးသမီးတွေ တိုင်ကြားတဲ့အခါမှာ လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးထားရမယ်။ ဥပမာ တိုင်လိုက်လို့ အလုပ်ပြုတ်သွားတာမျိုးမဟုတ်ရဘူး။ နောက်ပြီး တိုင်လိုက်လို့ ပတ်ဝန်းကျင်က ဝိုင်းဖယ်ကျဉ်တာမျိုး မဟုတ်ရဘူး။ သူ့ကို လူတိုင်းက နားလည်မှုတွေ ပေးမယ်။ နှစ်သိမ့်ဆွေးနွေးမှုတွေ ပေးဖို့လိုအပ်ပါတယ်" ဟု ကျား၊မ ရေးရာနှင့် လုပ်ငန်းခွင်အသိပညာပေးအစီအစဉ် လုပ်ငန်းအဖွဲ့ဝင် ကိုဝင်းပိုက်မျိုးက ပြောသည်။

"ကျား၊ မရေးရာနှင့် လုပ်ငန်းခွင်" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၂ရက်တွင် ရန်ကုန်မြို့ ကုန် သည်စက်မှုအသင်းချုပ်(UMFCCI)တွင် ကျင်းပသွားမည်ဖြစ်ပြီး ကျား၊ မရေးရာ တန်းတူညီမျှရေး ဆောင်ရွက် နေသောအဖွဲ့အစည်းများနှင့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့အစည်းများ အပါ အဝင် အဖွဲ့အစည်း၊ ကွန်ရက် စုစုပေါင်း ၁၉ဖွဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly