တနင်္သာရီ လေညာအမျိုးသားဥယျာဉ်နှင့်ပတ်သက်ပြီး ဒေသခံများစိုးရိမ်

တနင်္သာရီ လေညာအမျိုးသားဥယျာဉ်နှင့်ပတ်သက်ပြီး ဒေသခံများစိုးရိမ်

ဘုတ်ပြင်း၊ ဇူလိုင်လ ၁၆ ။          ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် ဝန်ကြီးဌာန ၂ ခုမှ အဆိုပြုထားသော လေညာ အမျိုးသား ဥယျာဉ်နှင့် ပတ်သက်ပြီး ယနေ့အထိ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှု မြင့်တက်လာကြောင်း သိရသည်။

အဆိုပြု လေညာအအမျိုးသားဥယျာဉ်အတွင်း ကမ္ဘာ့ပေါ်တွင် မျိုးတုန်းပျောက်ကွယ်လုနီးသော သက်ရှိ သတ္တဝါ များစွာရှိသည်ဟုဆိုကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက ထိန်းသိမ်းနယ်မြေ ထူထောင်ရန် ယခုချိန်တွင် တိုးမြှင့်အားထုတ်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ အမျိုးသားဥယျာဉ် နယ်မြေသတ်မှတ်ခြင်းအပေါ် ဒေသခံများသာမက အုပ်ချုပ်ရေးမှူးကပါ မသိရှိကြောင်း ဆိုသည်။

 “ ပွင့်လင်းမြင်သာမှုကတော့ လုံးဝမရှိဘူး။ ဒီလို ထိန်းသိမ်းနယ်မြေကြီးတစ်ခု သတ်မှတ်လိုက်တာ ဒီက ဒေသခံတွေလည်း မသိဘူး၊ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကလည်း မသိဘူး။ ကျွန်တော်ထင်တယ်။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က လုပ်ဆောင်သွားတာကို ဒီအစိုးရလက်ထက်မှာလည်း ပြည်သူကို ထပ်မချပြပေးဘူး” ဟု ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ဘန်းဂလားကျေးရွာအုပ်စု၊ ဟင်းလိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမင်းရင်က ပြောသည်။

လေညာအမျိုးသားဥယျာဉ်သည်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တည်ရှိပြီး၊ ၇၀၂၀၈၀ ဧက ကျယ်ဝန်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊  FFI  နှင့်  Smithsonian Institute အဖွဲ့တို့မှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ မြေပြင်မှာ ရွာတွေ ဥယျာဉ်ခြံတွေရှိရင်တော့ သေသေချာချာစီစစ်ပြီးတော့ လုပ်မှရမယ်လို့ ကျွန်တော် လှမ်းပြောလိုက်သေးတယ်။ စီစစ်ဦး၊ ဒီကိစ္စလေးတော့ ရှိသေးတယ်။ အဲ့လိုပြောတော့ သစ်တောကနေ လာစီစစ်လိမ့်မယ်လို့ ပြောပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး သံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ယင်း အဆိုပြုထားသည့် အမျိုးသားဥယျာဉ်နှင့်ပတ်သက်ပြီး လေညာမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများက နေရာပြောင်းရွေ့ရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိတွင် လေညာအမျိုးသား ဥယျာဉ် နယ်နမိတ်အတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် ကျေးရွာ ၁၃ ရွာသည် အနည်းဆုံး တည်ရှိပြီး၊ လူပေါင်း ၂၄၇၀ ဦး နေထိုင်နေကြကာ ကျေးရွာ ၉ ရွာမှာ ကရင်တိုင်းရင်းသား အများဆုံး အဓိက နေထိုင်ကြ၍ မွန်၊ ရခိုင်တိုင်းရင်းသားအုပ်စုများလည်း နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“ အခု သတ်မှတ်လိုက်တဲ့ "တောင်တန်းများဆီမှ သန္တာကျောက်တန်းဆီသို့" ဆိုတဲ့ နေရာတွေက တနင်္သာရီ မြစ်ဖျားပိုင်း သာရဘွင်ကနေ ဘုတ်ပြင်း-လေညှာအထိ ရှိမယ် ။ ရေပြင်ထဲမှာဆိုရင် ကတန်ကျွန်းကြီးကနေ လန်ပိကျွန်း အထိ ရှိမယ် ။ တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးရဲ့ နယ်မြေ ၃ ပုံ ၁ ပုံရှိ တယ်။ ဒါတွေ သတ်မှတ်လိုက်တာ ဒေသခံတွေလည်း မသိကြဘူး။  ၂၀၁၆ ခုနှစ်က လုပ်နေကြတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့နှစ်ကမှ မြေပုံကို ထုတ်ပြလာကြတယ် ။ KNU အဖွဲ့အစည်းကလည်း ဘယ်လို သဘောထား ထုတ်ပြန်မလဲ မသိသေးဘူး။ ကျွန်တော်တို့ စုံစမ်းထားရသလောက်ကတော့ သူတို့ KNU နှင့် ထိတွေ့ ဆွေးနွေးခြင်း မရှိကြသေးဘူး။ ဒါကို ဆွေးနွေးပြီးပြီလို့ ပြောခဲ့တယ်။ အမှန်က မဆွေးနွေးသေးဘူး"ဟု တောင်ပိုင်းလူငယ်ကွန်ယက်မှ ဒါရိုက်တာ ဦးစံငွေက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြုလုပ်မည့် အဆိုပြု အမျိုးသားဥယျာဉ်များမှာ လေညာအမျိုးသားဥယျာဉ်နှင့် တနင်္သာရီအမျိုးသားဥယျာဉ်တို့ ဖြစ်ပြီး စီမံကိန်းပန်းတိုင်မှာ “ တောင်တန်းမှသည် သန္တာကျောက်တန်းဆီ အထိ” အတွင်းကျကျ ချိတ်ဆက်မှုနှင့်အတူ တနင်္သာရီရှိ ကုန်းတွင်း/ အဏ္ဏဝါ ဂေဟစနစ်ဆိုင်ရာစီမံကိန်း ရေးဆွဲမှုနှင့် ဘက်စုံစီမံခန့်ခွဲမှုမှတစ်ဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အဓိကနယ်မြေများကို ရေရှည်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်သွားခြင်း ဖြစ်သည်ဟု စီမံကိန်းဘက်မှ သိရသည်။

စီမံကိန်းသည် မြေပြင်၊ ကမ်းရိုးတန်း၊ အဏ္ဏဝါရေနေဒေသများအတွင်း နေထိုင်သော ကုန်းတွင်းနှင့် ရေနေ သတ္တဝါများ ထိုင်းနိုင်ငံရှိ ကာကွယ်ထိန်းသိမ်းဧရိယာများနှင့် အချင်းချင်း ကူးပြောင်းသွားလာလှုပ်ရှားနိုင်ရန် သဘာဝ နေထိုင်ရာစြင်္ကန်လမ်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ယင်း အဆိုပြု အမျိုးသားယျာဉ်အတွင်း ပါဝင်နေသော ကျေးရွာ ၁၃ ရွာမှ ဒေသခံ ပြည်သူများသည်၊ ဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတို့ဖြင့် ဒေသခံရွာသားများ အဓိကအသက်မွေးဝမ်းကြောင်း ပြုသော စိုက်ပျိုးမြေများ ပါဝင်နေပြီး၊ ယင်းမြေများသည် မူလအဆိုပြုထားသော အမျိုးသားဥယျာဉ်နယ်နမိတ် အတွင်း တည်ရှိနေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly