တနင်္သာရီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုးရိမ်ရေအမှတ်ကျော်လွန်၍ မြို့ထဲသို့ ရေဝင်

တနင်္သာရီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုးရိမ်ရေအမှတ်ကျော်လွန်၍ မြို့ထဲသို့ ရေဝင်

တနင်္သာရီ၊ ဇူလိုင်လ ၁၆ ။                ။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်း၍ စိုးရိမ်ရေ အမှတ် အထိ ကျော်လွန်၍ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး၊ မြို့ထဲသို့ ရေများ စတင် ဝင်ရောက်နေပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်ရှိ ချောင်းကြီးရပ်ကွက်တွင် ရွှေလိပ်ပြာလမ်းနှင့် ချောင်းငယ်ရပ်ကွက်ရှိ သီတာလမ်းတို့တွင် နေအိမ်အောက်ထပ်များတွင် ရေများ စတင်ဝင်ရောက်နေပြီဟု ယင်းမြို့၏ မြို့ခံပြည်သူများထံမှ သိရသည်။

တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက “ထားဝယ် မြစ်ဖျားခံ စီးဆင်း ရေတွေကြာင့် တနင်္သာရီမြို့မှာ ညက ရေတွေ စတင်ဝင်ရောက်နေတာ ဖြစ်ပါတယ်၊ အခု နေအိမ်တွေ ပြောင်းရွေ့ရတာတို့ မရှိသေးပါဘူး၊ အိမ်အောက်ထပ်တွေ ရေဝင်တာတွေပဲ ရှိပါသေးတယ်၊ အခုက စိုးရိမ်ရေ အမှတ် ၁၇ ပေ အထိ ကျော်လွန်နေပြီး၊ မိုးကလည်း ဆက်ရွာနေသေးတယ် ဆိုတော့ ဒီထက်ကြီးလာရင်တော့ ပေ ၂၀ အထိ ထပ်တက်လာရင် ပြည်သူတွေ ရေဘေး မသင့်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ ဒီကနေ့ လိုက်ကြည့်နေတယ်”ဟု ပြောသည်။

ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်ရှိ လူနေအိမ် ၆၂ လုံးသည်၊ နေအိမ် အောက်ထပ်များ ရေနစ်မြှုပ် နေကြောင်း၊ အချို့နေအိမ်များလည်း ကြိုတင် ပြောင်းရွေ့နေရကြောင်း၊ မြို့နဲ့ အလှမ်းဝေးသည့်ကျေးရွာ အချို့တွင်လည်း နေအိမ်များ နစ်မြှုပ်နေပြီး၊ ပြောင်းရွေ့နေရပြီး ဖြစ်ကြောင်း သိရသည်။

တနင်္သာမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၃- ၁၄ ခုနှစ်တို့တွင် တစ်မြို့လုံးနီးပါး ရေကြီးနစ်မြှုပ်မှုများ နှစ်စဉ် ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ် မိုးရာသီတွင် မြို့ထဲသို့ ရေများ စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly