သဖန်းကုန်းကျေးရွာ ကိုယ်ထူကိုယ်ထမူလတန်းကျောင်း အကူအညီများလိုအပ်နေ

သဖန်းကုန်းကျေးရွာ ကိုယ်ထူကိုယ်ထမူလတန်းကျောင်း အကူအညီများလိုအပ်နေ
(ဓာတ်ပုံ၊ကိုဝင်းမင်းထွန်း)

 

 မန္တလေး၊ ဇူလိုင် ၁၆ ။        ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ အောင့်ညင်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ တွဲဖက်အခြေခံပညာမူလတန်းကျောင်းတွင် အကူအညီများ လိုအပ်လျှက်ရှိသည်ဟု သဖန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြိုင်က ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၆၃ အိမ်ရှိပြီး ကျောင်းသား၊ကျောင်းသူ ၆၅ ဦးရှိရာ ၎င်းကလေးများသည် ရွာနှင့် ၃ မိုင်ကျော်ဝေးသည့် အောင့်ညင်ရွာသို့ သွားရောက်ပညာသင်ကြားနေရခြင်းကြောင့် ကျေးရွာ ရပ်မိရပ်ဖများက ဦးဆောင်၍ ရွာသူ၊ရွာသားများစုပေါင်းကာ ယခု ပညာသင်နှစ်မှစတင်၍ ကိုယ်ထူ ကိုယ်ထတွဲဖက် အခြေခံပညာမူလတန်းကျောင်းကိုဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

"ရွာက စာသင်ကျောင်းမရှိဘူး။ ကလေးတွေ ပညာရေးတွေအတွက် ထောက်ပံ့မှု လိုတာပေါ့။ ဝိုင်းဝန်း ကူညီပေးစေချင်တယ်။ အလှူရှင် လိုတာပေါ့။ စာသင်ခုံတို့ စားပွဲတို့ လိုတာပေါ့"ဟု အုပ်ချုပ်ရေးမှူး ဦးမောင်ကြိုင်ကပြောသည်။

အဆိုပါကျောင်းတွင် KG မှ စတုတ္ထတန်းအထိ ဆရာ၊ဆရာမ ၅ ဦးဖြင့်သင်ကြားပေးလျှက်ရှိပြီး ၎င်းဆရာ၊ဆရာမများအတွက် လစာများကိုလည်း ကျေးရွာမှစုပေါင်းပေးရကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းသို့ လိုအပ်သည်များလှူဒါန်းထောက်ပံ့လိုပါက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြိုင် ဖုန်း ၀၉၄၀၄၃၀၁၂၄၆ ၊ ဆရာမ ဒေါ်သန္တာ ဖုန်း ၀၉ ၄၀၀၄၄၆၁၆၃ နှင့် ဦးဝင်းမင်းထွန်း ဖုန်း ၀၉ ၄၂၀၃၈၀၇၇၀သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly