ရိုက်တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် ဒိန်းမတ်သံရုံး တောင်းဆို

ရိုက်တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် ဒိန်းမတ်သံရုံး တောင်းဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ၊ ဇူလိုင် ၁၆ ။          ။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် စွဲချက်တင်ခံခဲ့ရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား လွှတ်ပေးရန် အစိုးရအား တောင်းဆိုကြောင်း ဒိန်းမတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် စွဲချက်တင်ခဲ့ခြင်းသည်လည်း မီဒီယာလွတ်လပ်ခွင့်ကို ထိပါးသည်ဟု ဒိန်းမတ်သံရုံး၏ ထုတ်ပြန်စာတွင် ပါရှိသည်။

ဥပဒေစိုးမိုးရေးနှင့် မျှတသော တရားစီရင်စစ်ဆေးမှုကို လေးစားသင့်ပြီး စီရင်ချက်မချမှတ်သေးမီ ၎င်းတို့ နှစ်ဦးအား အပြစ်ရှိသည်ဟု အစိုးရအဓိကအဖွဲ့ဝင်များက ကြေညာချက်ထုတ်ခြင်းသည် သင့်လျော်မှုမရှိကြောင်း ဒိန်းမတ်သံရုံးက ဆိုသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန် နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ်အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း NHK သတင်းဌာန၏ ပြီးခဲ့သည့်ဇွန်လ ၈ ရက်နေ့က သတင်းတွင် ဖော်ပြပါရှိသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီးက  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင့် သတင်းထောက် ၂ ဦးကိုစွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုလုံးဝနှင့်  ကိုကျော်စိုးဦးတို့မှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  အင်းဒင်ကျေးရွာတွင် လုံခြုံရေးတပ် ဖွဲ့ဝင်များက အမျိုးသား ၁ဝ ဦးကို ဥပဒေမဲ့သတ်ပစ်ခဲ့သည်ဆိုသော သတင်းအား စုံစမ်းရင်း ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်း ဖြစ်သည်။

ထိုသို့ ခရိုင်တရားရုံးတင် စစ်ဆေးခဲ့ရာတွင် ရဲသက်သေအပါအဝင် တရားလိုပြသက်သေလိုပြသက်သေ ၂၂ ဦးထိ စစ်ဆေးပြီးနောက် ရိုက်တာသတင်းထောက်နှစ်ဦးကို ယခုကဲ့သို့ လျှို့ဝှက်ချက် အက်ဥပဒေပုဒမဖြင့် စွဲချက်တင်ကြောင်းအမိန့် ချလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly