ဂျူဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒို အီတလီသို့ ရောက်ရှိ

ဂျူဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒို အီတလီသို့ ရောက်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းနဲ့ တရားဝင်မိတ်ဆက်ပွဲအတွက် တနင်္ဂနွေနေ့က အီတလီကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးနဲ့ သူ့ရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ တူရင်ရှိ Caselle လေဆိပ်သို့ ညနေပိုင်း ၅း၃၀ နာရီခန့်က ဆိုက်ရောက်လာတယ်လို့ ဂျူဗင်တပ်စ်အသင်းက တွစ်တာကတစ်ဆင့် ပြောဆိုထားပါတယ်။

ဂျူဗင်တပ်စ်အသင်းက အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၁၂ သန်းကို ရီးယဲလ်မက်ဒရစ်ထံ ပေးချေရန် သဘောတူခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အီတလီကလပ်နဲ့ ၄ နှစ်စာချုပ်တစ်ရပ်ကို လက်မှတ်မရေးထိုးမီ တနင်္လာနေ့မှာ ဂျူဗင်တပ်စ်အသင်းပိုင် J Medical ဆေးခန်းမှာ ဆေးစစ်မှုခံယူသွားမှာဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခဝင်ငွေ ယူရို ၃၁ သန်း ရရှိသွားမယ်လို့ သိရပါတယ်။

ခရစ္စတီယာနိုဟာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို Allianz ကွင်းမှာ ကလပ်အသင်းနဲ့ သူရဲ့ ပထဆုံး တရားဝင်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ CR7 အင်္ကျီအတွက် ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဝယ်လိုအား ကြီးမားခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်အတွင်းမှာ ၄၃၈ ပွဲကစားခဲ့ရာ ၄၅၁ ဂိုးသွင်းယူခဲ့ပြီး ကလပ်ရဲ့ ထာဝရသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့သလို ဆုဖလားအနေနဲ့ ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly