လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

.

 

စာဖတ်သူလူငယ်များ ကျန်းမာပါကြပါစခင်ဗျား

ဒီကနေ့တော့ အရင်ပြောလက်စ လူငယ်နဲ့ကဗျာအကြောင်း ခဏရပ်ပြီး စကားပြေအရေးအသားဘက် ပြန်လှည့်ကြရအောင်။

စကားပြေအရေးအသားကိစ္စဟာ လူငယ်တွေနေ့စဉ် ထိတွေ့နေကြရတဲ့ကိစ္စပါ။ ကိုယ်တိုင်ရေးချင်ရေး ဒါမှမဟုတ် သူများရေးတာဖတ်။ ဒီလိုနဲ့ တစ်နည်းမဟုတ် နောက်တနည်းနဲ့တော့ နေ့စဉ်ထိတွေ့နေကြရတဲ့ကိစ္စပါပဲ။ ဒါပေမယ့် ကျနော်တို့ဟာ ရေးတဲ့အခါ ဖတ်ကြတဲ့အခါ သေသေချာချာ ဂဃနဏ ဖတ်ကြရေးကြပါရဲ့လား။

ဥပမာ နာမည်ကြီးနေ့စဉ်ထုတ်သတင်းစာတစ်ခုမှာပါရှိခဲ့တဲ့ ဟောဒီသတင်းခေါင်းစဉ်မျိုးပဲဆိုပါတော့။ “ ဧရာဝတီတိုင်းဒေသကြီးအစိုးရဟောင်းက လက်ရှိအစိုးရအား ကျပ် ၅ ဘီလီယံကျော်ပြန်လွှဲရန် သမ္မတရုံးညွှန်ကြား  ” ဆိုတဲ့ခေါင်းစဉ်မျိုးဆိုပါတော့။ ဒီခေါင်းစဉ်ဟာ အဓိပ္ပါယ်ရှုတ်ထွေးစေတာမျိုးနဲ့ ပြောင်းပြန်အဓိပ္ပါယ်မျိုးအထိ ဖြစ်စေနိုင်တယ်ဆိုတာ ကျနော်တို့ သတိထားပြီး ဖတ်ရှုခဲ့ကြပါရဲ့လား။ ဒီသတင်းခေါင်းစဉ်ကို သတင်းဌာနတာဝန်အရှိဆုံး စာတည်းတွေကရော သေသေချာချာစဉ်းစားမိကြပါရဲ့လား။ ဒီခေါင်းစဉ်ကြောင့် ဘယ်လောက်အထိ အဓိပ္ပါယ်သွေဖီသွားရသလဲ။

ပိုပြီး စိတ်ပျက်ဖို့ကောင်းတဲ့အချက်က စာဖတ်သူအများစုက ဒီသတင်းခေါင်းစဉ်အရေးအမှားကို အလိုအလျောက် ကိုယ့်ဖါသာဖြည့်စွက်တည့်မတ်ပြီး လက်ခံဖတ်ရှုသွားကြတဲ့အကျင့်ပါပဲ။   ရေးထားတာအမှားဖြစ်ပေမယ့် ကိုယ်က အမှန်အဖြစ် ကိုယ့်ဖါသာပြင်ဆင်တည့်မတ်ဖတ်သွားကြတဲ့ကိစ္စဟာ တော်တော်စိတ်ပူဖို့ကောင်းတဲ့အကျင့်ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ဒီလိုအရေးအမှားအပေါ် ရေးသူကော ဖတ်သူကပါ အလေးမထားတော့ဘဲ အမှားကြာ အမှန်ဖြစ်ဆိုတဲ့စကားလို အမှားကိုမပြင်နိုင် မမြင်နိုင်ကြတော့ဘဲ အဲဒီအမှားအတိုင်းပဲ ဆက်ရေးကြ ဆက်ဖတ်ကြတဲ့အကျင့်ဟာ ခိုင်မာသွားတဲ့သဘောဖြစ်လာပါတယ်။ အဲဒါဟာ မကောင်းပါဘူး။

ဥပမာ ကျနော်တို့နိုင်ငံနေရာဒေသအတော်များများမှာ လူ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ ကားတွေဟာ ယာဉ်စည်းကမ်းနဲ့ကိုက်ညီအောင် မသွားမလာကြတော့ဘဲ အဆင်ပြေသလို သွားလာနေကြတဲ့ကိစ္စမျိုးပါပဲ။ မှားနေမှန်းသိပေမယ့် မပြင်ဘဲ အမှားအတိုင်းဆက်ပြီးကျင့်သုံးတော့ တစ်ယောက်ကအစ တစ်ရာ အားလုံးအမှားအတိုင်း လိုက်ပြီးကျင့်သုံးလာကြတော့ အမှားအတိုင်းကျင့်သုံးနေတာကိုပဲ အမှန်ဖြစ်တယ်လို့မြင်လာကြ လက်ခံကြတော့တဲ့အထိဖြစ်လာပါတယ်။ တစ်ခါတုန်းက ကျနော်က ကိုယ့်လမ်းဖြစ်တဲ့ ညာဘက်ကိုကပ်ပြီးဆိုင်ကယ်စီးနေတုန်း တခြားဆိုင်ကယ်တစ်စင်းက ညာဘက်ကကပ်ကျော်ပြီး ရှေ့ကိုထွက်ပါတယ်။ သူဟာ လမ်းတောင်းရမှာ၊ လမ်းပေးမပေးစောင့်ရမှာနဲ့ ရှေ့ကယာဉ်ရဲ့ ဘယ်ဘက်ကပဲ ကျော်တက်ရမယ်ဆိုတဲ့ယာဉ်စည်းကမ်းအရမဟုတ်ဘဲ လမ်းလည်းမတောင်း ညာဘက်က ကျော်တက်လိုက်တာဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်သွားနိုင်တယ်ဆိုတာ သူမစဉ်းစားမိတော့ဘူး။ ကျနော်က အဲသလို စည်းကမ်းပျက်ကျော်တက်တဲ့ ဆိုင်ကယ်စီးသူ( ဒီကြားထဲ ဆိုင်ကယ်ပေါ်မှာ လူသုံးယောက်စီးလာ)ရဲ့မျက်နှာကိုလှမ်းကြည့်တော့ သူ့အနေနဲ့ ယာဉ်စည်းကမ်းမှားနေတာ၊ သူ့မှာအပြစ်ရှိနေတယ်ဆိုတာ အလျဉ်းသိပုံမရဘဲ ပုံမှန်သူလုပ်နေကြအပြစ်မရှိ မှန်ကန်တဲ့အလုပ်ဖြစ်တယ်ဆိုတဲ့မျက်နှာထားမျိုးနဲ့ ကျော်တက်သွားတာကို အထင်အရှားတွေ့လိုက်ရပါတယ်။ တခြားယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကလည်း အဲဒီဆိုင်ကယ်စီးသူတွေကို ဘာမှမထူးဆန်းသလို ကိုယ်သန်ရာ ကိုယ်ချောင်ရာနေရာကနေ ဖြတ်သန်းကူးလူးသွားလာနေကြတာလည်း တွေ့ရပါတယ်။ အခုတော့လည်း အဲဒီအမှားမျိုးတွေဟာ အမှားကအမှန်ဖြစ်သလိုဖြစ်ပြီး ကိုယ်က ထောက်ပြကန့်ကွက်မယ်ဆိုရင်တောင် ဒီလူဟာ ကိုယ်အဆင်ပြေသလိုမသွားဘဲ အလကားအလုပ်ရှုပ်ခံပြီး စကားရှည်နေတယ်ဆိုတဲ့အကြည့်မျိုး အကြည့်ခံရမှာသေချာနေတဲ့သဘောဖြစ်လာနေကြပါပြီ။ ဒါဟာ မကောင်းတဲ့သဘောပါပဲ။

အခုလည်း ဒီသဘောပါပဲ။ “ ဧရာဝတီတိုင်းဒေသကြီးအစိုးရဟောင်းက လက်ရှိအစိုးရအား ကျပ် ၅ ဘီလီယံကျော်ပြန်လွှဲရန် သမ္မတရုံးညွှန်ကြား  ” ဆိုတဲ့သတင်းခေါင်းစဉ်မှာ သက်ဆိုင်ရာပုဒ်နဲ့ အထူးပြုပုဒ် ကပ်ထားပြီးမရေးမှုအမှား၊ ပုဒ်ဆက်စကားလုံးတွေဖြစ်တဲ့ က၊ မှ၊ သို့၊ ၌၊ မှာ၊ တွင်၊ ၀ယ် အစရှိတဲ့စကားလုံးတွေ အထားအမှား အသုံးပြုမှုအမှားကြောင့် အဓိပ္ပါယ်ရှုတ်ထွေးစေတာ၊ ဆိုလိုရင်း ပြောင်းပြန်ဖြစ်ကုန်တာမျိုးဟာ ကြာလာရင် အတည်ဖြစ်ကုန် အမှန်လို့မြင်လာဖို့တောင်ရှိလာပါတယ်။

စကားပြေအရေးအသားမှာ စကားလုံးသတ်ပုံအမှားဟာ အခြေခံအားဖြင့် ပထမအမှားဖြစ်ပြီး အခုလို ပုဒ်ထားနဲ့ ပုဒ်ဆက်အမှားဟာ အခြေခံအားဖြင့် ဒုတိယအမှားဖြစ်ပါတယ်။

ဒီကနေ့လူငယ်အများစုဟာ စကားလုံးပေါင်းသတ်ပုံ အမှန်နဲ့မရေးလို့ထောက်ပြရင်၊ ပုဒ်ထားအမှားကိုထောက်ပြရင် ထောက်ပြသူဟာ ရှေးရိုးစွဲသူ၊ ခေတ်မမှီသူအဖြစ်လည်း မြင်တတ်ကြပြန်ပါသေးတယ်။ ဒါမျိုးတွေကြုံရတဲ့အခါ တချိန်တုန်းက အင်္ဂလိပ်အစိုးရလက်အောက် ကျွန်ဘ၀ကလွတ်မြောက်အောင်ကြိုးစားခဲ့ကြစဉ်က “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” နဲ့ တမျိုးသားလုံးကို တပ်လှန့်နှိုးဆော်ခဲ့တဲ့ ရှေ့လူတွေကို ပြန်ပြန်ပြီး သတိရမိပြန်ပါတယ်။ ကိုယ့်အမျိုးသားယဉ်ကျေးမှု၊ ကိုယ့်အမျိုးသားဘာသာစကား အခိုင်အမာရှိနေတာကို လူမျိုးခြားက အထင်သေး ပစ်ပယ်တာကို မှောက်လှန်ပြီး ကိုယ့်ဘာစကား အခိုင်အမာရှိတဲ့အကြောင်း ရှိတဲ့ဘာသာစကားမှာလည်း စည်းကမ်းနည်းလမ်း အတိအကျ အခိုင်အမာရှိကြောင်း ပြဆိုဖို့ကြိုးစားခဲ့ကြသူတွေဟာ လေးစားဖို့ကောင်းသူတွေပါပဲ။

ကိုယ့်ဘာသာစကားကို ကာကွယ်၊ ထိန်းသိမ်းခြင်းဟာ ကိုယ့်အမျိုးကို စောက်ရှောက်ခြင်းလည်းမည်ပါတယ်။ ဒါကို လေးနက်ရပါမယ်။ အခုလည်း ရာဇ၀င်သမိုင်းအခြေအနေတစ်ခုကို   ဖြတ်သန်းလာကြပြီးတဲ့အခါ ကိုယ့်အမျိုးသားဘာသာစာပေ အခြေယိုင်မလိုဖြစ်လာနေတာကို ထိန်းသိမ်းတည့်မတ်ကြရမယ့်တာဝန်ဟာ လူငယ်တွေမှာလည်း တာဝန်ရှိပါတယ်။

ကဲ ဒီကနေ့တော့ ပုဒ်ထားအမှား ပုဒ်ဆက်အမှားအကြောင်းပြောရင်း စကားပြေအရေးအသားကိစ္စ ပြန်ပြီးနွှေးလိုက်ပါတယ်။ နောက်နေ့တွေမှာ “အကောင်အထည်ပြစကားလုံးနဲ့ သဘောသဘာဝကိုပဲပြတဲ့စကားလုံးများ”အကြောင်း ဆက်ပါဦးမယ်။

လူငယ်များ စကားပြေအရေးအသားမှာ မှန်ကန်စွာပျော်မွေ့နိုင်ကြပါစေဗျား။