တတိယပင်လုံရလဒ် အားရ၊ ကျေနပ်စရာမရှိဟု CNF ခေါင်းဆောင် ပြော

တတိယပင်လုံရလဒ် အားရ၊ ကျေနပ်စရာမရှိဟု CNF ခေါင်းဆောင် ပြော
UPDJC အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားနေသည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ မနက်ဖြန်တွင် ပြီးဆုံးမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ထွက်ပေါ်လာမည့် ရလဒ်များသည် အားရကျေနပ်ဖွယ် မရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားလိုက်သည်။

“ဒီပင်လုံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့လည်း အမှန်တစ်ကယ်ပဲ ဝန်ခံရရင် အားမလို၊ အားမရ ဖြစ်မိတာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်နှစ်လောက်ကြာမှာ ကျင်းပတဲ့ ဒီညီလာခံကြီးမှာ ရလာမယ့် ရလဒ်က အားရကျေနပ်ဖွယ် မရှိဘူး” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ တိုင်းရင်းသားအစုအဖွဲ့မှ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ယခု ကျင်းပဆဲ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍငါးခုမှ အချက် ၁၄ချက်ကို ဆွေးနွေးနေခြင်း ဖြစ်ပြီး အဆိုပါ ၁၄ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားရကျေနပ်ဖွယ်မရှိသလို ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံပေးနိုင်ရန် လုံလောက်သည့် အချက်အလက်များ မဟုတ်ဟု ဇူလိုင် ၁၅ရက်၊ မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပသည့် UPDJC အစည်းအဝေးမတိုင်ခင် ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုရလာတဲ့ အချက်တွေက ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့ အချက်အလက်တွေ အလုံအလောက် မရှိသေးဘူးဆိုတာ ကျနော်ဝန်ခံချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက နှစ်ပေါင်း(၇၀) တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေလည်း အလုံအလောက် မရှိသေးဘူးဆိုတာ ကျနော် ဝန်ခံချင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ညီလာခံတွင် ထွက်ပေါ်လာမည့် ရလဒ်များမှာ အားရကျေနပ်စရာမကောင်းသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်စဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ခြင်းကြောင့် အကျိုးရှိသည်ဟု ၎င်းက ဆိုသည်။

“ဒီညီလာခံရဲ့ ရလဒ်တော့ အားရကျေနပ်စရာမရှိဘူး။ သို့သော် ဒီညီလာခံကြီးကို ဆက်လက် ကျင်းပနိုင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ကျင်းပနိုင်တယ်ဆိုတဲ့ဟာကြီးက အင်မတန်မှ ကျနော်တို့ ကံကောင်းတယ်လို့ ပြောချင်ပါတယ်။ နှစ်ပေါင်း ၇၀အတွင်းမှာ ဒီလိုညီလာခံမျိုး မရှိခဲ့ဘူး။ နှစ်ပေါင်း ၇၀အတွင်းမှာ ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး မရှိခဲ့ဘူး။ နှစ်ပေါင်း ၇၀အတွင်းမှာ ဒီလို နိုင်ငံရေးဆွေးနွေးပွဲမျိုး မရှိခဲ့ဘူး။ ထို့အတွက်ကြောင့် ဒီလိုရှိနေတဲ့ အခွင့်အရေးလေးကိုတော့ အပျက်မခံဘဲနဲ့ ဆက်လုပ်ဖို့ လိုပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် လိုအပ်သည့် အခြေခံမူများကို အစိုးရနှင့် တပ်မတော်သို့ တင်ပြထားသည်။

“ကျနော်တို့ အားလုံး တင်ပြပြီးပြီ။ အဲ့ဒီ တင်ပြချက်အပေါ်မှာ အစိုးရနဲ့ တပ်မတော်ကနေ ပူးပေါင်းပြီးတော့ ကျနော်တို့ တုံ့ပြန်ချက်အပေါ်မှာ ကဲ… ဒါလေးတော့ ရနိုင်တယ်။ ဒါလေးတော့ မရနိုင်သေးဘူး၊ နောက်ထပ် ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင် အင်မတန်မှ ကောင်းမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ဇူလိုင် ၁၁ရက်ကစတင်ပြီး ညီလာခံ ၄ရက်အတွင်း အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးကြပြီးနောက် အဆိုပါ ၁၄ချက်အနက် နိုင်ငံရေးနှင့် မြေယာကဏ္ဍမှ အချက်လေးချက် သဘောတူညီမှု မရသေးပေ။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက “ကျနော်တို့ အချင်းချင်း အပေးအယူ၊ အလျှော့အတင်း လုပ်လိုက်ရင်ဖြင့် ထပ်ပြီးတော့ ပေါ်ထွက်လာနိုင်တဲ့ သဘောတူညီချက် ၄ချက်လည်း ကျန်ရှိနေပါတယ်။ ဒီအချက်တွေကို အသေးစိတ်ဆွေးနွေးပြီးတော့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပံပိုးတဲ့အနေနဲ့ အားလုံး ကျန်တဲ့ အချက်လေးတွေကို ဆောင်ရွက်ပေးကြပါ” ဟု ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ အချက် ၁၄ချက်စလုံးကို သဘောတူညီချက်အဖြစ် ချမှတ်နိုင်ခြင်းရှိ၊ မရှိကို ယနေ့ UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ အချိုးကျပါဝင်ဖွဲ့စည်းထားသည့် UPDJCတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။ သို့သော် ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိသည်ကို တွေ့ရသည်။

ဇူလိုင် ၁၆ရက်တွင် ကျင်းပမည့် ညီလာခံပိတ်ပွဲတွင် သဘောတူညီချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်မူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးရပ်မှ သဘောတူညီချက် (၃၇)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် သတ်မှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly