အင်ဒိုနီးရှားမှာ မျိုးသုဉ်းပျောက်ကွယ်လုနီး ရှားပါးဆင် ၁ ကောင် အဆိပ်မိသေဆုံး

အင်ဒိုနီးရှားမှာ မျိုးသုဉ်းပျောက်ကွယ်လုနီး ရှားပါးဆင် ၁ ကောင် အဆိပ်မိသေဆုံး

ဇူလိုင် ၁၅ ။          ။ မကြာမီ မျိုးသုဉ်းပျောက်ကွယ်မယ့်အရေး စိုးရိမ်နေရတဲ့ ရှားပါး Sumatran မျိုးနွယ်ဝင် ဆင်တစ်ကောင် အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ခင်းတစ်ခုမှာ အဆိပ်မိ သေဆုံးနေတာကို တာဝန်ရှိသူတွေ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

အဆိုပါ ရှားပါးဆင် သေဆုံးမှုကို စစ်ဆေးကြည့်ခဲ့ရာမှာတော့ ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ယင်းနိုင်ငံမှာတော့ စိုက်ခင်းတွေ ထူထောင်ဖို့အတွက် သဘာ၀ သစ်တောတွေကို အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းရာကနေ အထက်ပါ ရှားပါး Sumatran ဆင်တွေရဲ့ နေထိုင်ကျက်စားမှုကို ထိခိုက်ခြိမ်းခြောက်လာနေခဲ့ပြီး ယင်း ဆင်တွေနဲ့ လူတွေအကြား ပဋိပက္ခတွေကိုပါ ပိုမိုအရှိန်မြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။

ဆယ်နှစ်အရွယ်ရှိ Sumatran ဆင်မလေးတစ်ကောင်ကိုတော့ အာချေးပြည်နယ် မြောက်ပိုင်းက ဂျမ်ဘို ရိုဟက် ကျေးရွာမှာ သေဆုံးလျက်သား တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယင်း အာချေးပြည်နယ်မှာတော့ ယမန်နှစ်တုန်းက ဆင်ရိုင်းကောင်ရေ ၁၁ ကောင်ထက်မနည်း သေဆုံးခဲ့ပြီး အများစုကတော့ လူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ခန့်မှန်းချက်တွေအရ အဆိုပါ Sumatran မျိုးနွယ်ဝင် ဆင်တွေဟာ လက်ရှိအချိန်မှာ မျိုးသုဉ်းပျောက်ကွယ်မယ့် အရေး အသည်းအသန် စိုးရိမ်ပူပန်နေရတဲ့ တိရိစ္ဆာန်မျိုးနွယ်တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly