ဂင်္ဂါမြစ်ကမ်းနံဘေးက သေဆုံးခြင်းနှင့် ရုန်းကန်လှုပ်ရှားခြင်း ဘဝများ

ဂင်္ဂါမြစ်ကမ်းနံဘေးက သေဆုံးခြင်းနှင့် ရုန်းကန်လှုပ်ရှားခြင်း ဘဝများ

ဇူလိုင် ၁၅ ။            ။ အိန္ဒိယ ဗာရာဏသီမြို့ ဂင်္ဂါမြစ်ကမ်းနံဘေးမှာ လူသေတွေကို မီးသဂြိုဟ်ပေးရတဲ့ ကိစ္စတွေကို တာဝန်ယူထားသူ Bahadur Choudhary တစ်ယောက် မြစ်ကမ်းနံဘေးပေါ်မှာ မီးလောင်ကျွမ်းနေတဲ့ အသုဘ မီးရှို့စင်တစ်ခုပေါ်မှာ ထုံးတမ်းအစဉ်အလာ အမှုန့်တွေ ပက်ဖျန်းလိုက်ပါတယ်။

သူကတော့ ဗာရာဏသီမြို့မှာ ရှေ့ခေတ်ကာလကတည်းကရှိနေခဲ့တဲ့ အဆိုပါ မီးသဂြိုဟ်မှု ကိစ္စတွေကို စတုတ္ထမျိုးဆက်တစ်ဦးအဖြစ် ဆက်ခံလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

Choudhary ကတော့ ဆင်းရဲနွမ်းပါးပြီး စာမတတ်တဲ့ ဇာတ်နိမ့် တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဗာရာဏသီမှာတော့ သူ့ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။

သူ့လိုမျိုး အသုဘ မီးသဂြိုဟ်မှု ကိစ္စတွေကို ထိန်းသိမ်းစောင့်ရှောက်လုပ်ကိုင်သူတွေကတော့ ဗာရာဏသီမြို့ မှာ နေထိုင်ကြတဲ့ Doms လို့ ခေါ်တဲ့ လူနည်းစုအသိုင်းအဝိုင်းက  ဖြစ်ကြပါတယ်။

သေဆုံးသွားသူတွေကို ခုလို ဗာရာဏသီမြို့ မြစ်ကမ်းနံဘေးတွေမှာ သဂြိုဟ်ခြင်းက အသက်ရှင်ခြင်းနဲ့ သေခြင်းအကြား စက်ဝန်းကနေ လွတ်မြောက်သွားလိမ့်မယ်ဆိုပြီး ဟိန္ဒူတွေက ယုံကြည်ကြတယ်လို့လည်း သိရပါတယ်။

ယင်းဒေသမှာတော့ နေ့ရော ညပါ မီးသဂြိုဟ်မှုတွေ ရှိနေပြီး လူသေကို မီးရှို့လို့ ထွက်တဲ့ အငွေ့တွေကလည်း လေထဲ ပျံလွင့်လို့ နေပါတယ်။

“ ဒီလူသေတွေကို မီးသဂြိုဟ်ပေးရတာက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းပါ” လို့ Choudhary က ပြောပါတယ်။

“ တစ်ချို့ကျတော့လည်း သိပ်မတတ်နိုင်တော့ သဂြိုဟ် စရိတ်လောက်ပဲ ပေးနိုင်တယ်၊ တတ်နိုင်တဲ့ သူကျတော့လည်း လက်မတွန့်ပဲ ပေးနိုင်ကြတာပေါ့လေ” လို့ ၎င်းက ရှင်းပြပါတယ်။

တစ်နေ့ တစ်နေ့ အပြင်းအထန် အားစိုက်လုပ်ရတဲ့ ဒီအလုပ်အတွက် သူ့အနေနဲ့ တစ်နေ့ကို ရူပီး ၁၅၀ ( ၂ ဒေါ်လာ) လောက်တော့ အနည်းဆုံး ရတယ်လို့လည်း ၎င်းက ပြောပါတယ်။ တစ်ချို့ နေ့တွေ ဆို ၇၅ ဒေါ်လာအထိတောင် ရတတ်သေးတယ်လို့လည်း ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly