မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်တော့မယ့် “၀င်းတင် သို့မဟုတ် ဦးမညွှတ်တတ်သော အတိုက်အခံ”

မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်တော့မယ့် “၀င်းတင် သို့မဟုတ် ဦးမညွှတ်တတ်သော အတိုက်အခံ”

ဇူလိုင် ၁၅ ။          ။ ပြင်သစ်ဘာသာကနေ မြန်မာဘာသာသို့ ပြန်ဆိုထားတဲ့ “ဝင်းတင် သို့မဟုတ်  ဦးမညွှတ်တတ်သော အတိုက်အခံ” ဆိုတဲ့ စာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း) ကနေ ၄ လကြာ အချိန်ယူပြီး ဘာသာပြန်ဆိုထားပြီးနောက် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့ Yangon Book Plaza မှာ ပြုလုပ်ခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ရဲ့ အကျဉ်းထောင်အတွင်းက ဘဝဇာတ်ကြောင်းမှတ်တမ်းတွေနဲ့ ဘဝတစိတ်တပိုင်းကို ပြင်သစ်နိုင်ငံသူက ရေးသားထားတဲ့ မူရင်းစာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း)က ပထမဦးဆုံး ပြင်သစ်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။

လူငယ်တွေ ဖတ်ရှုခြင်းအားဖြင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ စိတ်နေသဘောထားနဲ့ အရပ် သားအစိုးရတစ်ရပ်ဖြစ်ဖို့ ခက်ခဲစွာဖြတ်သန်းရတဲ့အကြောင်းတွေ သိရှိရလိမ့်မယ်လို့ ဘာသာပြန် စာရေးဆရာမ သွေး(စစ်ကိုင်း) က ပြောပါတယ်။

“ စာအုပ်ကိုဖတ်ရင် ဘဘဦးဝင်းတင်ဟာ ဘယ်လိုလူစားဆိုတာ သိသွားမယ်။ အရပ်သားအစိုးရတစ်ရပ် ဖြစ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ မရခဲ့ဘဲနဲ့ ၊ နှစ်ပေါင်း ၃၀ ကျော်လောက် အတိုက်အခံဘဝမှာ ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေ၊ ကြမ်းကြုတ်မှုတွေကို ကြံ့ကြံ့ခံပြီးတော့ လုပ်ခဲ့တယ်ဆိုတာကို သိပြီးတော့၊ စစ်အာဏာရှင်အောက်ကို နောက်ထပ်တစ်ခါ ပြန်မကျရောက်အောင် တစ်ဦးတစ်ယောက်ချင်းစီ ယူရမယ့်တာဝန် ဘယ်လိုယူရမလဲဆိုတာ သိနားလည်ရင် ဒီစာအုပ်ကို ကျွန်မ ဘာသာပြန်ရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်” လို့  ဆရာမ သွေး(စစ်ကိုင်း) က ပြောပါတယ်။

စာအုပ်မူရင်းကို ရေးသားခဲ့သူဟာ ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုးဟာ မြန်မာနိုင်ငံကို တိတ်တဆိတ်ဝင် ရောက် ပြီး သတင်းစာဆရာနှင့်နိုင်ငံရေးအကျဉ်သားဟောင်း ဟံသာဝတီ ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဒီစာအုပ် ထုတ်ဝေပြီးတဲ့နောက်ပိုင်း သူဟာ မြန်မာပြည်ဝင်ရောက်ခွင့်လည်း ပိတ်ပင်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒီစာအုပ်မိတ်ဆက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မုံရွာအောင်ရှင်လည်း တက်ရောက်ခဲ့ ပြီး ဟံသာဝတီ ဦးဝင်းတင် အမှတ်တရစကားတွေလည်း ပြောခဲ့ပြီး ဝါရင့် စာရေးဆရာ၊ ကဗျာဆရာကြီးတွေ၊ စာပေ ဝါသနာရှင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မူရင်းစာရေးဆရာမရဲ့ ခွင့်ပြုချက်နဲ့ “ဝင်းတင် သို့မဟုတ်  ဦးမညွှတ်တတ်သော အတိုက်အခံ” စာအုပ်ကို ငါတို့စာပေမှ  ထုတ်ဝေပြီး တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဇူလိုင်လ ၁၆ ရက်က စတင်ပြီး ဖြန့်ချိတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly