အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တောင်ကြီးခရိုင် အတွင်းရေးမှူး ဖမ်းဆီးထိန်းသိမ်းခံရ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တောင်ကြီးခရိုင် အတွင်းရေးမှူး ဖမ်းဆီးထိန်းသိမ်းခံရ
တောင်ကြီးမြို့မ ရဲစခန်းရှေ့တွင် NLD ပါတီဝင်များအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ကိုဇော်ဝင်းထူး

တောင်ကြီး၊ စက်တင်ဘာ ၃ ။          ။ တောင်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၌ နေထိုင်သူ  ဦးညီညီရွှေအား စက်တင်ဘာလ ၂ ရက်၊ ည ၁၁ နာရီခန့်တွင် ဖမ်းဆီးထိန်းသိမ်းကာ ပြစ်မှုပုဒ်မ ၄၀၆၊ ၄၂၀ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူးရုံးက ဒုရဲမှူးကြီးစန်း လွင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “သူ့ကို အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားတာက ငွေကြေးကိစ္စတွေမှာ အလွဲ သုံးစားလုပ်တယ် ဆိုပြီးမှ အမှုလာဖွင့်ထားတာရှိတယ်။ ရဲစခန်းကနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၄၀၆ နဲ့ ဖွင့်ထားတာဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

တရားလို မရွှေက တောင်ကြီးမြို့မရဲစခန်းမှ (ပ)၅၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၀၊ ၄၀၆ဖြင့် တိုင်ကြားမှုအရ ဦးညီညီရွှေအား ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်ဟုလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး (တရားလွှတ်တော်ရှေ့နေ)က “ သူ့ အမျိုးသမီးက စုကြေးတွေကိုင်ပြီးတော့ မလျော်နိုင်တော့ ထွက်ပြေးတယ်။ ပြေးနေတာက ကြာပါပြီ။

သူ့အမျိုးသမီးက အဖမ်းမခံတော့ ကိုညီညီရွှေကို ထပ်တိုင်ကြတယ်နဲ့ တူပါတယ်။ လင်မယားနှစ်ယောက်စလုံးကို တိုင်တော့ ကိုညီညီရွှေကို ဖမ်းတာနဲ့တူတယ်။ ပုဒ်မ နှစ်ခုဆိုတာ ပုဒ်မ ၄၂၀ နဲ့ ၄၀၆ ပေါ့။ ၄၂၀ က အာမခံပေးနိုင်တဲ့ ပုဒ်မ ၄၀၆ က တော့ အာမခံမပေးနိုင်ဘူး။ ဒါပေမဲ့ စုကြေးက ၄၀၆ နဲ့ပဲဝင်တာ။ ကိုညီညီရွှေလည်း သိတယ်"ဟု ရှင်းပြသည်။

၎င်းက ဆက်လက်၍ "သူအဲဒီကိစ္စတွေကို သိတာနဲ့ မလျှောက်ခဲ့ဘူး။ ပါတီနဲ့ ပတ်သက်မှုမရှိဘူး။ ဒါ သူ တို့မိသားစုကိစ္စ။ ပါတီနဲ့ မသက်ဆိုင်ဘူး။ ကိုညီညီရွှေက ပါတီလုပ်ငန်းမှာလည်း တာဝန်ကျေအောင် လုပ်ခဲ့တဲ့ သူဖြစ်တယ်။ ဒီကိစ္စကလည်း အပြင်ကိစ္စဆိုတော့ အပြင်မှာပဲ ပြီးသွားရင် ပိုကောင်းတာပေါ့"ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ဦးညီညီရွှေ မှာ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းအား အာမခံရရှိရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အချို့က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly