ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူများ ကမ်းပါးပြိုပြီး လူ ၃၀ ကျော်သေဆုံး

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူများ ကမ်းပါးပြိုပြီး လူ ၃၀ ကျော်သေဆုံး
ဓာတ်ပုံ-ကိုပေါ်မျိုးဆွတ်အောင်

ဇူလိုင် ၁၄ ။              ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာအနောက်ဘက်မှာရှိသည့် မဟာကျင်းဟောင်းမှာ ကျောက်ရှာဖွေနေသော   ရေမဆေးသမားများအပေါ် မြေကမ်းပါးပြိုကျပြီး လူ ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ကယ်ဆယ်ရေးတွေကတော့ အစွမ်းကုန်လုပ်ပေးနေတာပဲ၊ မြေပိနေတာဆိုတော့ ထုတ်လို့မရလောက်ဘူး၊ချောက်ထဲမှာဆိုတော့လေ၊သေတာအတည်ပြုကတော့ ၃၀ ကျော်”ဟု ကျောက်အရောင်းအဝယ်လုပ်သည့် ဒေသခံ ကိုပေါ်မျိုးဆွတ်အောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အတည်မပြုနိုင်သော သတင်းများအရ လူ ၁၀၀ ခန့်သေဆုံးသည်ဟုလည်း ကြားသိနေရသည်။

ထိုသို့ မြေကမ်းပါး ပြိုကျသည့်အတွက် ထိခိုက်မိသူ လူအယောက် ၃၀ ခန့်ကို ဖားကန်းမြို့နယ်၊လုံးခင်း တိုက်နယ်ဆေးရုံသို့ ပို့ပြီးဆေးကုသမှုများပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ လုံးခင်းဒေသတွင် ကျောက်ရှာဖွေနေသည့် ကုမ္ပဏီ ၅ ခုခန့်ရှိပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်သမား ထောင်နှင့်ချီပြီးရှိကြောင်း သိရသည်။

ပြီးခဲ့တဲ့လများတွင်လည်း ဖားကန့်တွင် မြေပြိုကျမှုများ၊ကမ်းပါးပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ အမြဲလိုလို ဖြစ်ပွားနေသည်။

"ရေမဆေးကျောက်ရှာတဲ့သူတွေအတွက် အသက်အန္တရာယ်ကို နေ့တိုင်းခြိမ်းခြောက်စရာဖြစ်နေတယ်"ဟု ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

လုံးခင်းဒေသတွင် ကျောက်ရှာတူးဖော်သူများသည် ရာသီအလိုက် ၃ လခန့်သာ တူးဖော်ရခြင်း ဖြစ်ပြီး ရာသီအချိန် မကုန်ခင် မြန်နိုင်သမျှမြန်အောင် တူးနေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly