“ ပန်းရဲ့လမ်းအဖွဲ့” မှ ကိုရဲလွင်ရဲ့ နောက်ဆုံးခရီး

“ ပန်းရဲ့လမ်းအဖွဲ့” မှ ကိုရဲလွင်ရဲ့ နောက်ဆုံးခရီး
ဓာတ်ပုံ - သက်ကို

 

ဇူလိုင်လ ၁၄ ။                 ။ “ ပန်းရဲ့လမ်းအဖွဲ့” မှ ကိုရဲလွင်၏ နောက်ဆုံးခရီးကို သူ့မိသားစုများအပြင်၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေက လိုက်ပို့ခဲ့ကြပါတယ်။

အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ကိုရဲလွင်(ဦးရဲလွင်)ဟာ ရန်ကုန်ကုတင် ၅၀၀ ဆံ့ အသည်းဆေးရုံကြီးတွင် ဇူလိုင် ၁၀ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ယနေ့ ဇူလိုင်လ ၁၄ ရက်မှာတော့ ရေဝေးသုသာန်မှာ သူ့ကို ဂူသွင်းသြင်္ဂိုလ်ခဲ့ ပါတယ်။

သူ့ရဲ့ နောက်ဆုံးခရီးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်အမတ်တွေလည်း လိုက်ပါ ပို့ဆောင်ခဲ့ကြ ပါတယ်။ သူ့ရဲ့နာရေးကို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပို့ခဲ့သလို အနုပညာရှင်တချို့က လည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဦးရဲလွင်ဟာ တစ်ချိန်ကကျော်ကြားခဲ့တဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို မြန်မာပြည်ငြိမ်းချမ်းရေး အတွက် အားဖြည့်ပေးနေတဲ့ ပန်းရဲ့လမ်းအဖွဲ့ရဲ့ ဦးဆောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဦးရဲလွင် ကွယ်လွန်ခဲ့တာကြောင့် သူ တည်ထောင်ခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့ရဲ့ လုပ်ငန်းတွေကို ခဏ ရပ်ဆိုင်းထားမှာ ဖြစ်ပြီးတော့ နောက်ပိုင်းမှသာ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ကြိုးစားသွားမယ်လို့ အဖွဲ့သားတွေက ပြောပါတယ်။

ပန်းရဲ့လမ်းအဖွဲ့ဟာ မြို့ကြီးများကိုလှည့်လည်သွားပြီးတေးသီချင်းများဖျော်ဖြေခြင်းဖြင့် ရံပုံငွေရှာဖွေ ပြီး ငြိမ်းချမ်းရေး နှင့် ပညာရေးတို့ အတွက် ကူညီနေသည့် အဖွဲ့အစည်း ဖြစ်ပြီး၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly