ရှေးဟောင်းစေတီအနီးရှိ တောင်တန်းမှ ကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းရန် တားမြစ်

ရှေးဟောင်းစေတီအနီးရှိ တောင်တန်းမှ ကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းရန် တားမြစ်

 

မင်းပြား၊ ဇူလိုင်လ ၁၄ ရက်။              ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တည်ရှိသော ရှေ့ဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် ကျိန်းတောင်ဓာတ်တည်ရှိရာ ကျိန်းတောင်တန်းနှင့်   တောင်စွယ်တောင်တန်းများကို ဖြိုဖျက်ပြီး ကျောက်ထုတ်လုပ်နေမှုကို ရပ်ဆိုင်းပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည်။

အဆိုပါ ကျောက်ထုတ်လုပ်မှုကို မင်းပြားမြို့ခံ လုပ်ငန်းရှင် ကုမ္ပဏီများက တရားဝင် လိုင်စင်ယူပြီး ထုတ်လုပ် သူများရှိသလို တရားမဝင် ခိုးထုတ်လုပ်သူများလည်း ရှိနေပြီး လက်ရှိမှာ ကျောက်ထုတ်လုပ်ခွင့် တရားဝင် လိုင်စင်များကိုပါ ပိတ်သိမ်းထားကြောင်း မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ဆိုသည်။

“ကျိန်းတောင် သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းတဲ့သဘော။ ကျောက်ထုတ်လုပ်မှု အလွန်များရင် ကျိန်းတောင် ပြိုပျက်သွားမယ်ပေါ့။ ဒေသခံတွေကလဲ စိုးရိမ်နေကြတယ်လေ။ ဒီကျိန်းတောင်က မင်းပြားမြို့ကို အကျိုးပြုထားတာ။ ဒါကြောင့် အစိုးရခွင့်ပြုချက်နဲ့ ဒေသန္တရ အမိန့်ထုတ်ထားရင်တော့ ကျောက် ခိုးထုတ်လုပ်ဖို့ မရှိပါဘူး။ အမိန့်ကို ဖောက်ဖျက်ပြီး သွားထုတ်ရင်တော့ အရေးယူဆောင်ရွက် ပေးရမယ်ပေါ့။ ဒီအမိန့်က ဆက်စပ်တဲ့ ဥပဒေတွေနဲ့ ထုတ်ပြန်ထားတာဆိုတော့ ခိုးထုတ်ဖို့အတွက်လဲ အခက်ခဲ ဖြစ်လိမ့်မယ်။”ဟု ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။

ကျောက်ထုတ်လုပ်ခြင်း တစ်ခုတည်းမဟုတ်ဘဲ သတ်မှတ်ထားသည့် နယ်နမိတ်အတွင်းရှိ ပျောက်ကွယ် လုလုဖြစ်နေသည့် သဘာဝမျိုးစိပ် အပင်ကြီးများကိုပါ မခုတ်လဲရန် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တားမြစ်ထားခြင်း ဖြစ်သည်။

အဆိုပါ ကျိန်းတောင် တောင်တန်းတလျှောက်တွင် ကျောက်ထုတ်လုပ်မှုကို တပ်မတော်အစိုးရလက်ထက် ၁၉၈၈ ခုနှစ် နောက်ပိုင်း ကတည်းက စတင်ကာ စစ်တပ်မှ တောင်စွယ်၊ တောင်တန်းများကို ဖြိုခွဲပြီး လမ်းခင်းကျောက်များ ထုတ်လုပ်ကာ ကုမ္ပဏီများအား ထုတ်လုပ်ရောင်းချနေသည်ကို မျက်မြင်သက်သေအဖြစ် တွေ့မြင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျောက်ထုတ်လုပ်မှုကြောင့် ကျိန်းတောင်ဓာတ်စေတီ ပြိုပျက်မည်နှင့် သဘာဝ သဃံဇာတများ ပျက်စီး ဆုံးရှုံးမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး လက်ရှိမှာ မင်းပြားကျိန်းတောင် တောင်တန်းမှ ကျောက် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်မှာ တစ်လနီးပါးခန့် ရှိပြီဟု မင်းပြားမြို့ မြို့မိ၊ မြို့ဖ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“သူတို့ တူးဖော်တာက မင်းပြားကျိန်းတောင် တောင်ပေါ်ဦးကနေ ဟိုတစ်ဆုံးထိ ကျောက်ထုတ်လုပ်ပြီးတော့ ရောင်းစားနေတာကို တွေ့နေရတယ်။ အခု တူးဖော်မှုကို ရပ်တန့်တာကတော့ လခွဲကျော်ကျော်လောက်ရှိပြီ။ စိုးရိမ်ရတာကတော့ ကျိန်းတောင်နဲ့ စစ်တပ်တို့ အကြားမှာရှိတဲ့ ကုလားဖုံးမြောင်ဟာ ကျိန်းတောင်ရဲ့ ခြေရင်းနဲ့ နီးကပ်နေပြီ။” ဟု မင်းပြားမြို့မိ၊ မြို့ဖ အဖွဲ့ဝင် ဦးသိန်းစံက ပြောသည်။

အဆိုပါ ကျိန်းတောင် တောင်တန်း၌ ကျောက်ထုတ်လုပ်မှုကို မရပ်တန့်ဘဲ ဆက်လက် လုပ်ဆောင်လာပါက သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်တော့ဘဲ ပြိုပျက်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။

ယခု နယ်နမိတ် သတ်မှတ် တားမြစ်ထားသော မင်းပြားကျိန်းတောင် ပင်မတောင်ကြောတစ်လျှောက်သည် (၃) မိုင် ကျော်ခန့် ရှိကြောင်း သိရပြီး တောင်တန်းကို အမှီပြု၍ တောင်ယာလုပ်ငန်းဖြင့် အသက်မွေး လုပ်ကိုင် စားသောက် နေသူများလည်း အများအပြားရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly