ကာတွန်းစာအုပ် အုပ်ရေ ၁ ထောင်ကုန်ရန်ပင် မလွယ်တော့ဟု ကာတွန်းမြေဇာဆို

ကာတွန်းစာအုပ် အုပ်ရေ ၁ ထောင်ကုန်ရန်ပင် မလွယ်တော့ဟု ကာတွန်းမြေဇာဆို

ရန်ကုန် ၊ ဇူလိုင် ၁၄ရက် ။                     ။ ကာတွန်းစာအုပ်တစ်အုပ်သည် ယနေ့ခေတ်တွင် အုပ်ရေ ၁ ထောင်ကုန်ရန်ပင် မလွယ်ကူတော့ကြောင်း ကာတွန်းဆရာ မြေဇာက ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် မြန်မာကာတွန်းပညာရှင်များဆွေးနွေးပွဲ အခမ်းအနားတွင် ပြောခဲ့ခြင်း ဖြစ်သည်။

" လွန်ခဲ့တဲ့ နှစ် ၄၀၊  ၅၀ လောက်ကဆို ရန်ကုန်တစ်မြို့တည်းကိုပဲ ကာတွန်းစာအုပ်ပေါင်း ၄ ထောင် ၊ ၅ ထောင် လောက် ဖြန့်လို့ရတယ်။ မြန်မာပြည်တစ်ပြည်လုံးကို ၅ ထောင် ၁ သောင်းလောက် ဖြန့်ချိလို့ ရတယ်။ အဲ့လောက်ထိ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အခုကတော့ အဲဒီလောက်မရှိတော့ဘူး။ ဝမ်းနည်းဖို့တော့ ကောင်းတယ်”ဟု ကာတွန်းဆရာ မြေဇာက ပြောသည်။

ထို့ပြင် မြန်မာပြည်၏လူဦးရေ ၅၂သန်းတွင် ၃ ပုံ ၁ပုံခန့်မှာ လူငယ်လူလတ်ပိုင်းဖြစ်ပြီး ကလေးအရေ အတွက်မှာ  ၅ ပုံ ၁ပုံ ခန့်သာရှိကြောင်း အဆိုပါ လူငယ်ကလေးငယ်များဟာ  ကာတွန်းစာအုပ်ကို ဝယ်မဖတ်နိုင်ဘဲ လူကြီးများ ဝယ်ပေးမှသာ ကာတွန်းစာအုပ်များကို ကြည့်ရှုခွင့်ရမှာဖြစ်ကြောင်း ဆရာမြေဇာက ဆိုသည်။

“လူကြီးတွေကလည်း စားဝတ်နေရေး ရုန်းကန်နေရတာ။ ဆိုင်က ကာတွန်းစာအုပ်တစ်အုပ်ကို ဝယ်မပေးနိုင်ခဲ့ဘူး။ အဲ့တော့ ကာတွန်းစာအုပ်တွေအနေနဲ့ သိပ်ပြီးတော့ အားနည်းလွန်းတယ်” ဟု ကာတွန်းဆရာကြီး ဆရာမြေဇာက ပြောသည်။

နှစ်ပေါင်း ၁၀၂ နှစ်အထိ ရှင်သန်နေခဲ့သော ကာတွန်းပညာရပ်သည် ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက် ရှင်သန်လာသည့်အတွက် ကာတွန်းဆရာများအသင်းမှ တတ်နိုင်သလောက် အားပေးကူညီပေးရန် ရှိကြောင်းလည်း အဆိုပါပွဲမှ သိရသည်။

မြန်မာနိင်ငံကာတွန်းဆရာများအသင်းကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကာတွန်းပညာဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် ကာတွန်းပညာသင်တန်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဥက္ကဋ္ဌ ကာတွန်းဆရာ ဆရာအော်ပီကျယ် နှင့်တကွ ကာတွန်းဆရာကြီးများ တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကာတွန်းဆရာများအသင်းအတွက် အလှူငွေများနှင့် အသင်းအတွက် လိုအပ်သော ပစ္စည်းများလှူဒါန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly