တက်​​ရောက်​သူနည်​းပါးလွန်း​သဖြင်​့ ရန်ကုန်ရှိ ​​မူလတန်​း​​ကျောင်​းအချို့ပိတ်​ထား

တက်​​ရောက်​သူနည်​းပါးလွန်း​သဖြင်​့ ရန်ကုန်ရှိ ​​မူလတန်​း​​ကျောင်​းအချို့ပိတ်​ထား

 

ရန်ကုန်၊ ဇူလိုင်လ ၁၄ ။               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကျောင်းအချို့အား တက်ရောက်သည့် ကျောင်းသားများနည်းပါးသဖြင့် ပိတ်ထားရကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင် ပညာရေးမှူး ဦးစန်းမြင့်ဦးက မဇ္ဈိမသို့ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ အခြေခံမူလတန်းကျောင်းဖြစ်သည့် အ.မ.က (၂၇)၊ လမ်းမတော်မြို့နယ်ရှိ အ.မ.က (၃)၊ အ.မ.က (၄)တို့အား ယခုနှစ် ဇွန်လဆန်းပိုင်းမှစပြီး တက်ရောက်သည့် ကျောင်းသားအရေအတွက် နည်းပါးလွန်းသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ ပိတ်ထားသည့် ကျောင်းများတွင် တက်ရောက်ခဲ့သည့် ကျောင်းသားအချို့အား အခြားကျောင်းများတွင် ပေါင်းစည်းသင်ကြားပေးနေကြောင်း ပညာရေးမှူး ဦးစန်းမြင့်ဦးကပြောသည်။

" ကျောင်းပေါင်းစည်းရေးလုပ်ငန်းတွေကတော့ ကျောင်းသားတွေရဲ့တက်ရောက်မှုအားနည်းပါးတဲ့အတွက် ကျောင်းပေါင်းစည်းခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေ တက်ရောက်မှုများမယ်ဆိုရင် ဆရာကြီးတို့က အစိုးရကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ အစီအစဉ်များလည်းရှိပါတယ်"ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ပညာရေးမှူး ဦးစန်းမြင့်ဦးက ပြောသည်။

ပိတ်ထားသည့် မူလတန်းကျောင်းများတွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကိုလည်း ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ပြောင်းရွှေ့တာဝန်ပေးထားသည်။ ပိတ်ထားသည့်ကျောင်းများတွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးမှာ အခြားကျောင်းများမှ ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် အတူတူဖြစ်ပြီး သင်ကြားပေးနေသည့် သင်ရိုးညွှန်တမ်းများမှာလည်း အတူတူဖြစ်ကြောင်း ဦးစန်းမြင့်ဦး က ပြောသည်။

" ကျောင်းတွေက နည်းနည်းလေး မြို့လယ်ကောင်ဖြစ်တဲ့အခါကျတော့ မြို့လယ်မှာရှိတဲ့မိဘတွေက အဲ့ကျောင်းတွေမှာ သိပ်မထားတော့ဘဲနဲ့ နာမည်ကြီးတဲ့ကျောင်းတွေမှာ သွားထားတာရယ်၊ ပျံကျဈေးသည်လိုမျိုး၊ နောက်တစ်ခါ အလုံနေရာမျိုးမှာရှိတဲ့ ဟိုတုန်းက သီရိမင်္ဂလာဈေးရှိတယ်။ အဲ့ဒီဈေးသည်တွေကလည်း လာထားကြတယ်ပေါ့နော်။ ဈေးက ဟိုဘက်ကိုရွှေ့လိုက်တဲ့အခါမှာ အလုပ်လုပ်တဲ့သူ နည်းပါးသွားတဲ့အခါကျတော့ ဒီကလေးတွေတက်ရောက်မှုနည်းသွားတာပါ။ ဆရာ၊ ဆရာမတွေကြောင့်တော့ မဟုတ်ပါဘူး "ဟု ရန်ကုန်အနောက်ပိုင်း ခရိုင် ပညာရေးမှူး ဦးစန်းမြင့်ဦးကပြောသည်။

လက်ရှိပိတ်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ အခြေခံမူလတန်းကျောင်းဖြစ်သော အ.မ.က (၂၇)တွင် တက်ရောက်သည့် ကျောင်းသားဦးရေမှာ စုစုပေါင်း ၁၂ ဦး၊ ၁၃ ဦးခန့်သာရှိကြောင်း၊ စာသင်ခန်း ၁ ခန်းတွင် အများဆုံး ၄၅ ဦးထိ သင်ယူနိုင်သည့် အခြေအနေတွင် ထိုပမာဏသာရှိခြင်းဖြစ်ကြောင်း သိရသည်။

" တစ်ခန်းကို နှစ်ယောက်၊ သုံးယောက်ပေါ့နော်။ ဒီနှစ်မှာ အဲ့ဒီလိုအခြေအနေဖြစ်သွားတာ။ ဒါကြောင့် ကျောင်းကို ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ အဲ့ဒီရပ်ကွက်ထဲမှာပဲ ကားစီးစရာမလိုဘူး။ လမ်းလျှောက်သွားလို့ရတဲ့ အ.မ.က ၁ဝ နဲ့ အ.လ.က ၁ မှာပြောင်းပြီးတက်ကြတာပေါ့"ဟု မရမ်းကုန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကပြောသည်။

အဆိုပါ လက်ရှိပိတ်ထားသည့် မူလတန်းကျောင်းသုံးကျောင်း ပညာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက်အသုံးပြုနိုင်ရန် စာတင်ထားကြောင်းသိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၂၂၁ ကျောင်းရှိပြီး မူလတန်းကျောင်းမှာ ၁၄၂ ကျောင်းရှိသည်။ ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်အတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်တွင် အထက်တန်းကျောင်းသား ၁၇၈၂၄ ဦး၊ အလယ်တန်းကျောင်းသား ၃၆၅၂၄ ဦးနှင့် မူလတန်းကျောင်းသား ၄၃၈၅၄ ဦးထိတက်ရောက်ပညာသင်ကြားနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly