ဧရာဝတီတံတား(မကွေး) သံဘောင်လှုပ်နေသည်ဆို၍ လာစစ်ဆေး

ဧရာဝတီတံတား(မကွေး) သံဘောင်လှုပ်နေသည်ဆို၍ လာစစ်ဆေး

 

မကွေး၊ ဇူလိုင် ၁၄ ။                  ။ ယနေ့ ဇူလိုင်လ ၁၄ရက်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်ညွန့် ဦးဆောင်သောအဖွဲ့မှ မကွေးမြို့ ၊ ဧရာဝတီတံတား(မကွေး) အား သံဘောင်လှုပ်နေသည်ဆို၍ လာရောက်စစ်ဆေးလျှက်ရှိကြောင်း ကနဦး သိရသည်။

မကွေးမြို့ ၊ ဧရာဝတီတံတား(မကွေး) P4 , P5.ကြား အနောက်ဘက်ခြမ်းရှိ ၆တိုင်မြောက်သည် တံတားတိုင် သံဘောင်လှုပ်ခတ်နေသည်ဟု ပြည်သူတစ်ဦးက ဇူလိုင်လ ၁၃ရက်နေ့က FaceBook အကောင့်မှ တင်ခဲ့ပြီးနောက် ယင်းသို့ လာရောက်စစ်ဆေးခြင်း ဖြစ်သည်။

“ Facebook ပေါ်မှာ တင်ထားတာ တွေ့တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက စစ်ဆေးနေပါတယ်၊ ရုံးချုပ်က အဖွဲ့တွေလည်း ဆင်းလာနေပါပြီ ၊ သူတို့နဲ့တွေ့ပြီး O4နဲ့ P5 ကြားက လှုပ်နေတဲ့ဆိုတဲ့တိုင်ကို တိုင်ရဲ့အခြေအနေ၊ နပ်တင်းအားတွေကို စီစစ်ပြီးတော့ အဖြေရှာမယ်၊ လောလောဆယ် အခြေအနေက စိုးရိမ်စရာ မရှိပါဘူး” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်ညွန့်က မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီတံတား(မကွေး) P4 နှင့် P5 ကြား ၆ တိုင်မြောက် အနောက်ဘက်ခြမ်းက လှုပ်နေသည်ကို စတင်မြင်တွေ့ခဲ့သူ ဦးမိုးက “ ညနေပိုင်း တံတားပေါ် အမြဲလမ်းလျှောက်တယ်။ တွေ့မြင်နေရတာ တစ်ပတ်လောက် ရှိပြီ။ တံတားတာဝန်ရှိရဲကို ပြောပြတယ်၊ ဘာမှမထူးခြားတာနဲ့ ဒီတိုင်ကြီးလှုပ်နေတာကို ရုပ်သံရိုက်ပြီး တာဝန်ရှိသူတွေနဲ့ အများပြည်သူ သိရအောင် အွန်လိုင်းပေါ် တင်လိုက်တာပါ” ဟု ပြောသည်။

ဧရာဝတီတံတား(မကွေး)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍တည်ဆောက်ခဲ့ရာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၊ တံတားအရှည် ၈၉၈၉ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ပေ ၊ လူသွားလမ်း အကျယ် တစ်ဘက် ၆ ပေ၊ တံတားအမြင့် ၅၇ ပေရှိပြီး သံကူကွန်ကရိတံတားဖြစ်ကာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly