တရားခံပြေးတောင်ဒဂုံအုပ်ချုပ်ရေးမှူးသတင်း ပေးခဲ့သူ၏ ညီအား ဓါးဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား

တရားခံပြေးတောင်ဒဂုံအုပ်ချုပ်ရေးမှူးသတင်း ပေးခဲ့သူ၏ ညီအား ဓါးဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား

ရန်ကုန် ၊ ဇူလိုင် ၁၄ ။                ။ တောင်ဒဂုံ ၁၀၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူသည် ရဲတပ်ဖွဲ့အလိုရှိနေသည့် တရားခံပြေးဖြစ်နေကြောင်း သတင်းပေးတိုင်ကြားခဲ့သူ၏ ညီဖြစ်သူကို ၎င်း၏ တပည့်များက ယမန့်နေ့ ဇူလိုင်လ ၁၃ ရက်နေ့က ဓါးဖြင့် ဝိုင်းဝန်းခုတ်သတ်ခဲ့သည်ဟု အသတ်ခံရသူ၏ အစ်ကိုဖြစ်သူက ဆိုသည်။

“ကျွန်တော့်ရဲ့အမှန်တရားကိုမြတ်နိုးတဲ့စိတ်ကြောင့်ကျွန်တော်အရမ်းချစ်ရတဲ့ ညီအရင်းအသေဆိုးနဲ့သေသွားရှာပြီ” ဟု အသတ်ခံရသူ၏ အစ်ကိုဖြစ်သူက သူ့၏ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ချစ်လှဆိုသူ အပါအဝင် လူ ၆ ဦး က ဓါးဖြင့် ဝိုင်းခုတ်သတ်ခဲ့ခြင်းဖြစ်ပြီး “ကရင်(မုဒိမ်းတရားခံပြေး)  အား ဖော်ထုတ်တာ ဒီကောင့် အကိုကွ သေအောင်သတ် သေအောင်သတ် ပြီးရင်ဒီကောင့် အကို ဇော်ဇော်အောင်ကိုပါသွားသတ်မယ်” ဟုကြွေးကြော်ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ဒဂုံမြို့မရဲစခန်းမှူးထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီက အဆိုပါကိစ္စများအား ကြားသိရသဖြင့် အကြောင်းစုံသိရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးမြန်းရန် ရုံးအဖွဲ့ဝင်များအား သွားရောက်နေသည်ဟု ဆိုသည်။

“ဥပဒေစိုးမိုးမှုက တော်တော်လေး ဆိုးတယ်။ ဒီကိစ္စမှာ” ဟု ဦးညီညီက ဇူလိုင်လ ၁၄ ရက် နေ့လည်ပိုင်းက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ် ၁၄၀ ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ကရင်(ခ) ရန်နိုင်စိုးသည် မုဒိမ်းမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အလိုရှိနေသူ တရားခံပြေး ဖြစ်နေကြောင်း သတင်းပေးတိုင်ကြားခဲ့ခြင်းကြောင့် ညီဖြစ်သူ အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ယင်းလူသတ်မှုဖြင့် ပတ်သက်ပြီး လူ ၅ ဦးအား ဖမ်းဆီးထားမိသော်လည်း ကျန်တစ်ဦးမှာ ရပ်ကွက်အတွင်း၌ သွားလာနေကြောင်း သတင်းပေးသော်လည်း ရဲတပ်ဖွဲ့ဘက်က ဖုန်းတစ်ကြိမ်သာ ဖြေဆိုသည်ဟု အသတ်ခံရသူ၏ အစ်ကိုဖြစ်သူက ဆိုသည်။

သတင်းအသေးစိတ်ကို မဇ္ဈိမမှ ထပ်မံမေးမြန်းသွားပြီး ဆက်လက်တင်ပြသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly