ဓာတ်လိုက်သေဆုံးသည့်ကလေးအတွက် နစ်နာကြေးရရှိရန် ဆောင်ရွက်မည်

ဓာတ်လိုက်သေဆုံးသည့်ကလေးအတွက် နစ်နာကြေးရရှိရန် ဆောင်ရွက်မည်

 

ရန်ကုန်၊ ဇူလိုင် ၁၄ ။         ။ တောင်ဥက္ကလာပမြို့နယ်တွင် ဓာတ်လိုက်သေဆုံးခဲ့ရသည့်ကလေးအတွက် နစ်နာကြေး ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ရေဝပ်သည့်နေရာတွင် ထီးဖြင့် ဖြတ်သန်းလမ်းလျှောက်ခဲ့သည့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

"ဒါတွေဆက်လုပ်မှာပါ။လုပ်ထုံးလုပ်နည်းအတိုင်းဆက်ပြီးတော့လေ၊ သူ့အတွက်လည်း နစ်နာကြေးတို့ ဘာတို့ရနိုင်အောင် ကျွန်တော်တို့လုပ်ပေးမှာပါ" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောသည်။

လက်ရှိအချိန်တွင် သေဆုံးသူကလေး၏ နေအိမ်သို့သွားရောက်ကာ သတင်းမေးခြင်း၊ အကူငွေ ထောက်ပံ့မှု ပေးခြင်းများကို ဆောင်ရွက်ထားကြောင်း ဦးမိုးမြင့်က ပြောသည်။

သံသုမာလမ်းပေါ်ရှိ ၎င်းကလေးမှာသေဆုံးခဲ့ရသည့်နေရာသည် ညနေ ၃ နာရီခန့်အချိန်တွင် ဓာတ်ကြိုး ပြုတ်ကျနေခဲ့ပြီး EPC ကို အကြောင်းကြားခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ဘဲ ကလေးဖြတ်သန်းချိန် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်က ဘာပြောချင်လဲဆို ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ဒါပေမယ့် တာဝန်ရှိ သူတွေ၊ ရဲတွေ နောက်ကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ရေထဲ၌ သေဆုံးနေသည့် ကလေးကို မျက်မြင်တွေ့ရှိခဲ့သူ ကိုရဲမင်းထက်က ပြောသည်။

ဓာတ်လိုက်သေဆုံးပြီးချိန်တွင် ရောက်ရှိ၍ ဗီဒီယိုမှတ်တမ်းရိုက်ကူးထားသည့် ကိုရဲမင်းထက်မှာလည်း လမ်းသွားချိန်တွင် ထိုကဲ့သို့ဖြစ်ရပ်များ ကြုံတွေ့မည်ကို စိုးရိမ်လျှက်ရှိနေသည်ဟု ဆိုသည်။

" ပြောမယ်ဆိုရင်တော့ လောလောဆယ်ဓာတ်ကြိုးပြုတ်ကျတာဆိုတော့ EPA ပဲ ပြောလို့ရမှာပေါ့။ လောလောဆယ် ကြံ့ခိုင်ရေး အားနည်းပြီးဖြစ်လို့ ဖြစ်တာပေါ့။ ဒီအချိန်ကလည်း လေတွေ ဘာတွေ သိပ်တိုက်တာမှမဟုတ်တာ" ဟု တောင်ဥက္ကလာပမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်က ပြောသည်။

ယမန်နှစ်တွင်လည်း ရန်ကုန်မြို့ မီးရထားဝင်းဘေး ဆာကူရာတာဝါရှေ့၌ ရေဝပ်နေသည့်လမ်းပေါ်မှ ဖြတ်သန်းခဲ့သူတစ်ဦးသည် ဓာတ်လိုက်သေဆုံးခဲ့ရဖူးသည်။ ယခုနှစ် ဇွန်လအတွင်း၌ ရန်ကင်းမြို့နယ်တွင် တစ်ဦး၊ စမ်းချောင်းမြို့နယ်တွင် တစ်ဦးမှာလည်း ဓာတ်လိုက်သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly