ကြံ့ခိုင်ရေး ပါတီဝင်အဆိုပြုလွှာပေးပွဲနှင့် ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အမရပူရ တွင် ပြုလုပ်

ကြံ့ခိုင်ရေး ပါတီဝင်အဆိုပြုလွှာပေးပွဲနှင့် ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အမရပူရ တွင် ပြုလုပ်
(ဓာတ်ပုံ ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဇူလိုင် ၁၄ ။                       ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများက ပါတီဝင်အသစ်များကို ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲနဲ့ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာ ဇူလိုင်လ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ပါတယ်။

အမရပူရမြို့နယ်ရဲ့ တာဝန်ပေးအပ်ခြင်းခံရမယ့် စည်းရုံးရေးမှူး ဥက္ကဋ္ဌတွေဟာ အခြေခံအကျဆုံး အဖွဲ့တွေကို ဦးစီး ဦးဆောင်ရမယ့်သူတွေဖြစ်တယ် လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ ဦးဝဏ္ဍမောင်လွင်က ပြောပါတယ်။

"ပြည်သူလူထုတွေထဲမှာ အနီးကပ်နေထိုင်ပြီးတော့ မိမိနဲ့ထိတွေ့နေတဲ့ အခြေခံပါတီဝင်များသာမက မိမိတို့ ရပ်ရွာ မိသားစုထဲမှာရှိနေတဲ့ ပြည်သူလူထုတွေကို မိမိတို့ပါတီရဲ့   ကောင်းမြတ်သောရည်မှန်းချက်၊   နိုင်ငံတော်ပေါ်မှာ ထားရှိတဲ့စေတနာ၊ မိမိပြည်သူလူထုတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ နေ့တဓူဝ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေရေးကို ဦးစီးဦးဆောင်ပြုနိုင်တဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။"လို့လည်း ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောပါတယ်။

ခန့်အပ်တာဝန်ပေးအပ်လိုက်တဲ့ ဥက္ကဋ္ဌတွေနဲ့ ပတ်သက်ပြီး” ပြည်သူလူထုအနီးမှာ အမြဲတမ်းရှိနေပြီးတော့ ပြည်သူလူထုနဲ့တပြေညီ အေးအတူပူအမျှလည်း ရှိနေတဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့်   နေ့တဓူဝ ပြည်သူတွေခံစားနေရတဲ့ ခံစားချက်တွေ ဝမ်းနည်း၊ဝမ်းသာစရာတွေ ဝမ်းနည်းစရာတွေ တက်ကြွစရာတွေ စိတ်ညစ်စရာတွေ အပါအဝင် ဒါတွေအားလုံးကို သိမြင် ထိတွေ့နေတဲ့သူတွေဖြစ်ပါတယ်။"ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ပါတီဝင်တွေနဲ့ပတ်သက်ပြီး “ ဒီနေ့ ခန့်အပ်လိုက်တဲ့ ရပ်ကျေးဥက္ကဋ္ဌတွေရဲ့ အခန်းကဏ္ဍဟာ အခြေခံကျပြီး အရေးကြီးသလို ထမ်းဆောင်ရမယ့် တာဝန်တွေကလည်း ကြီးမားလေးနက်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီကနေ့ အားတက်သရော ပြည်ခိုင်ဖြိုးပါတီကိုဝင်ရောက်လာတဲ့ ပါတီဝင်အသစ်တွေကို ကြိုဆိုပါတယ်” လို့ သူက ဆိုပါတယ်။

အမရပူရမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၄၂ အုပ်စုနဲ့ရပ်ကွက် ၉ ခုက ပါတီဝင်ခဲ့သူ ၅၀၀ကျော်ကို ပါတီ အဆိုပြုလွှာများ ပေးအပ်ခဲ့ပြီး ရပ်/ကျေး ဥက္ကဋ္ဌ တာဝန်တွေ ပေးအပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ မန္တလေးတိုင်းအတွင်းက လစ်လပ်နေရာ ၃ နေရာလုံးကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံသွားမှာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly