ပါကစ္စတန် ရွေးကောက်ပွဲမဲဆွယ်မှုတွင် အသေခံဗုံးခွဲမှုကြောင့် ၁၂၈ ဦးအထိ သေဆုံး

ပါကစ္စတန် ရွေးကောက်ပွဲမဲဆွယ်မှုတွင် အသေခံဗုံးခွဲမှုကြောင့် ၁၂၈ ဦးအထိ သေဆုံး

ကရာချိ၊ ဇူလိုင် ၁၄ ။         ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် နိုင်ငံရေးစုရုံးမှုတစ်ရပ်အား ပစ်မှတ်ထားကာ အသေခံဗုံးခွဲသမားတစ်ဦး ဇူလိုင် ၁၃ ရက်က ဖောက်ခွဲတိုက်ခိုက်၍ လူပေါင်း ၁၂၈ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီသို့ ပြောသည်။

နိုင်ငံ၏ သမိုင်းတွင် အသေအဆုံးအများဆုံး တိုက်ခိုက်မှုများမှ တစ်ခုဖြစ်ခဲ့သော ယခု ဖောက်ခွဲတိုက်ခိုက်မှုသည် ဘာလိုချီစတန်ပြည်နယ် ကွစ်တာမြို့တော်အနီး မာစတန်းမြို့အနီးတွင် ဖြစ်ပွာခြင်းဖြစ်ကာ အိုင်အက်စ်အဖွဲ့က ၎င်းတို့ ကျုးလွန်ကြောင်း ကြေညာထားသည်။

ဇူလိုင် ၂၅ ရက် နိုင်ငံအနှံ့ ရွေးကောက်ပွဲများ မတိုင်မီ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပေါ်ပေါက်နေခြင်း၏ နောက်ဆုံးတိုက်ခိုက်မှု တစ်ရပ်လည်းဖြစ်ကာ ပါကစ္စတန်နိုင်ငံ လုံခြုံရေးပိုင်းကို မီးမောင်းထိုးပြလျက်လည်း ရှိနေသည်။

“သေဆုံးသူဦးရေဟာ ၁၂၈ ဦးအထိ ရှိခဲ့တယ်။”ဟု ဘာလိုချီစတန် ပြည်ထဲရေးဝန်ကြီး အက်ဟာအူမားက အေအက်ဖ်ပီသို့ ပြောသည်။ ဒဏ်ရာရသူပေါင်းက ၁၅၀ ကျော် ရှိကြောင်း အကြီးတန်းပြည်နယ်အရာရှိတစ်ဦးကလည်း အတည်ပြုခဲ့သည် ။

ရွေးကောက်ပွဲမဲဆွယ်စုရုံးရာတွင် လူအုပ်အလယ် ဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲခြင်း ဖြစ်ကြောင်း အကြီးတန်းပြည်နယ်အရာရှိ ဂျာမာလီက ပြောသည်။ အခြားအကြီးတန်း တာဝန်ရှိသူ လာရှာရီကလည်း ယခု ပေါက်ကွဲမှုသည် အသေခံဗုံးခွဲမှုဖြစ်ကြောင်း အတည်ပြုသည်။

ပေါက်ကွဲမှုအတွင်း အသစ်ဖွဲ့စည်းသော ဘာလိုချီစတန် အဝါမီပါတီ BAP မှ ပြည်နယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ဆီရတ်ရီဆာနီလည်း သေဆုံးခဲ့ကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး အက်ဟာအူမားက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly