အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကြောင့် လုပ်ငန်းလုပ်ကိုင်နေသူများ စည်းကမ်းရှိလာနိုင်ဟုဆို

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကြောင့် လုပ်ငန်းလုပ်ကိုင်နေသူများ စည်းကမ်းရှိလာနိုင်ဟုဆို

 

ဇူလိုင် ၁၃။        ။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းပေါ်ထွက်လာခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် စည်းကမ်းရှိလာပြီး အကျိုးခံစားခွင့်များရှိလာကာ ပိုမိုကောင်းမွန် လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်သင်တန်းပို့ချနေသူ ဦးကြည်စိုး(IC) က ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့တွင် White Cloud ကွန်ဒို၌ ပြုလုပ်သော အိမ်ခြံမြေဥပဒေကြမ်းနှင့် ပတ်သက်ပြီး တစ်သီးပုဂ္ဂလ အိမ်ခြံမြေလုပ်ကိုင်နေသူများ အကြံပြုဆွေးနွေးပွဲမှာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"'ဒီဥပဒေထဲမှာ အိမ်ခြံမြေလိုင်စင်မရှိတဲ့သူတွေ မလုပ်ရဘူးလို့ ပါပါတယ်။ ပုဒ်မ ၂၁မှာ လိုင်စင်မရှိ ထောင် ၆လ လို့ ပြောထားပါတယ်။ အခုက ဒီလုပ်ငန်းအတွက် အကွပ်နဲ့ ဥပဒေကို ပေးလိုက်တာပါ။ ရပ်ကွက်ထဲမှာ တကယ်လုပ်မယ်ဆိုတဲ့ အဖွဲ့တွေကလည်း အကျိုးဆောင်ကိုယ်စားလှယ်အဖြစ် လုပ်ပိုင်ခွင့်ရှိတယ်။ အကျိုးခံစားခွင့်ရှိတယ်။ ပြဿနာအကြောင်းတစ်စုံတစ်ရာရှိရင်လည်း ဒီပုဂ္ဂိုလ်တွေက တာဝန်ခံရမယ်ဆိုတော့ အင်မတန် အနှစ်သာရကောင်းတဲ့ ဥပဒေကြမ်းတစ်ခု ဖြစ်ပါတယ်" ဟု ဦးကြည်စိုး(IC) က ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာတွင် ပြည်သူများလေ့လာအကြံပြုနိုင်ရန် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ရုံးသို့ အကြံပြုစာများ ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

"အကြံပြုစာပေးပို့နိုင်တယ်လို့ တွေ့ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ အကြံပြုစာတွေ ပေးပို့လို့ ရနိုင်မလားပေါ့။ ကျွန်တော်တို့ အပြင်ကဘယ်အသင်းမှ မဝင်ထားတဲ့ တစ်သီးပုဂ္ဂလအဖွဲ့တွေလည်း ရှိပါတယ်။ အဲဒီအဖွဲ့တွေစုပြီးတော့ ဥပဒေကြမ်းက တစ်ချိန်ကျရင် ကျွန်တော်တို့နဲ့ အများကြီး ပတ်သက်လာမှာပါ။ ဥပဒေကြမ်းက အခြေခံဖြစ်တယ်။ ဒါကြောင့် ဥပဒေကြမ်းမှာ ဘာတွေအကြံပေးလို့ ရမလဲ ဆွေးနွေးတာပါ" ဟု အိမ်ခြံမြေယူနိုက်တက်မှ ဦးအောင်နိုင်က ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းတွင် လုပ်ငန်းလိုင်စင်မရှိသူများသည် ဥပဒေအတည်ပြုပြီး နောက်ပိုင်း တစ်နှစ်အတွင်း ယာယီလိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မရှိပါက ထောင်ဒဏ် ၆လ ဖြစ်စေ ဒဏ်ငွေ ကျပ်သိန်း ၃၀ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယာယီလိုင်စင်ကိုင်ဆောင်ထားသည့် ၃နှစ်အတွင်း အစိုးရမှ ပေးသည့် သင်တန်းများကို တက်ရောက် ကာ လိုင်စင်ကြီး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုထွက်ရှိလာသည့် ဥပဒေကြမ်းသည် သက်ဆိုင်ရာလွတ်တော်၊ ဌာနများမှ စိစစ်ပြီး အတည်ပြုကာ ဥပဒေအဖြစ် ထွက်ပေါ်လာပါက အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး စနစ်တကျဖြစ်လာမည် ဟု ထင်မြင်ကြောင်း ဦးကြည်စိုး(IC) ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly